နေပြည်တော် ဇွန် ၁
ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်-မန္တလေး-ရန်ကုန် ရထားခရီးစဉ်အဖြစ် အမှတ် (၃) အဆန်/အမှတ် (၄) အစုန်နှင့် အမှတ် (၅) အဆန်/ အမှတ် (၆) အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများအား ၂၀၂၆ ခုနှစ် မေလအတွင်း စတင်ပြေးဆွဲပေးခဲ့ပြီး ခရီးသည်များ ကြိုက်နှစ်သက်၍ စီးနင်းမှုများသောကြောင့် အမှတ် (၉) အဆန်/အမှတ် (၁၀) အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားအား ယနေ့မှစတင်၍ အောက်ပါအချိန်ဇယားအတိုင်း တိုးချဲ့ပြေးဆွဲပေးခဲ့သည်-
အထက်ပါ တိုးချဲ့ပြေးဆွဲမည့် အမှတ် (၉) အဆန်/အမှတ် (၁၀) အစုန်ရထားသည် ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်တစ်လျှောက် တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ တပ်ကုန်း၊ ပျော်ဘွယ်၊ သာစည်ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ ယခင်အတိုင်း ခရီးစဉ်အစဆုံး အထက်တန်း ၄၈၀၀၀ ကျပ်နှင့် ပထမတန်း ၃၄၀၀၀ ကျပ်တို့ဖြစ်သည်။
ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း အထက်ဖော်ပြပါ လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန် ရထားများအပြင် လေအေးပေးစက်ပါ အထက်တန်းလူစီးတွဲနှစ်တွဲပါရှိသော လေအိတ်ရထားဖြစ်သည့် အမှတ် (၁၁) အဆန်/အမှတ် (၁၂) အစုန် ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်ရထားများ ပြေးဆွဲလျက်ရှိပြီး ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်အား လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများဖြစ်သော အမှတ် (၇) အဆန်/အမှတ် (၈) အစုန်နှင့် အမှတ် (၃၁) အဆန်/အမှတ် (၃၂) အစုန်ရထားများ ပြေးဆွဲပေးလျက်ရှိသည်။ အဆိုပါရထားများ၏ ထိုင်ခုံလက်မှတ်များအား Online Railways Ticketing and Payment (ORTP) စနစ်တွင် အွန်လိုင်းမှ ကြိုတင်၍ ဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးစဉ်အစအဆုံး ဘူတာများအတွက် ခုနစ်ရက်နှင့် ကြားဘူတာများအတွက် ငါးရက်ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်
