နေပြည်တော် ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်သည့် ဘွိုင်လာကိုင်တွယ်ထိန်းသိမ်း သူများသင်တန်း အမှတ်စဉ်(၂/၂၀၂၆) သင်တန်းဖွင့်ပွဲနှင့် မွန်ပြည်နယ်သထုံမြို့ရှိ အမှတ် (၈) စက်မှုသင်တန်းကျောင်း(သထုံ) သင်တန်းခန်းမ၌ ဖွင့်လှစ်သည့် ရော်ဘာနည်းပညာကာလတိုသင်တန်းဖွင့်ပွဲတို့ကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် နေပြည်တော် ရုံးအမှတ်(၃၀)မှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူများသင်တန်းကို ဇွန် ၁၅ ရက်မှ ဇူလိုင် ၂၄ ရက်အထိ သင်တန်းသားသင်တန်းသူ ၆၀ ဖြင့်လည်းကောင်း၊ ရော်ဘာနည်းပညာကာလတိုသင်တန်းကို ဇွန် ၁၅ ရက်မှ ဇူလိုင် ၁၀ ရက်အထိ သင်တန်းသား ၂၀ ဖြင့်လည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
