နေပြည်တော် ဇူလိုင် ၂
မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မူပိုင်ခွင့်ဆိုင်ရာပညာရှင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ဗဟိုကော်မတီအနေဖြင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့၏ အခန်း ၃၊ ပုဒ်မ ၅ ပါ လုပ်ငန်းတာဝန်များအရ နိုင်ငံတော်တွင် မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းများ ကောင်းစွာဖွံ့ဖြိုးတိုးတက်စေရန် အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာများ ၂၀၂၃-၂၀၂၈ ကိုလည်း ချမှတ်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၌ မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် တည်ထောင်ရာတွင် မဟာဗျူဟာများပါ လုပ်ငန်းစဉ်များနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ မူပိုင်ခွင့်ဦးစီးဌာနနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဥပဒေများအရ ပြည်တွင်းပြည်ပမှ မူပိုင်ခွင့်လျှောက်ထားချက်များကို လက်ခံခြင်း၊ စစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ပြီဖြစ်သည့်အတွက် မူပိုင်ခွင့်အကာအကွယ်ရရှိပြီး သူများ၏ မူပိုင်ခွင့်အခွင့်အရေးများကို ချိုးဖောက်မှုများအား ကာကွယ်တားဆီးခြင်းကိုလည်း ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။
မူပိုင်ခွင့်ကဏ္ဍနှင့်စပ်လျဉ်းပြီး နိုင်ငံတကာတွင် မူပိုင်ခွင့်စနစ်ကျင့်သုံးနေမှု အခြေအနေများနှင့် မြန်မာနိုင်ငံမူပိုင်ခွင့်စနစ်၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ပြီး ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင်ရန်လိုအပ်ကြောင်း၊ ယင်းရည်ရွယ်ချက်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် နိုင်ငံတကာမူပိုင်ခွင့်ညီလာခံကို ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ညီလာခံကရရှိခဲ့သည့် ဆွေးနွေးသုံးသပ်ချက်ရလဒ်ကောင်းများနှင့် လေ့လာတွေ့ရှိချက်များကို စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီကောင်းမွန်ခိုင်မာသည့် မူပိုင်ခွင့်စနစ်တစ်ရပ် ဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားအဖြစ် အသုံးချကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ညီလာခံကဖော်ထုတ်ရရှိခဲ့သည့် ရှေ့လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း။
ထို့ပြင် မူပိုင်ခွင့်စနစ်ကို သိရှိနားလည်ပြီး လိုက်နာကျင့်သုံး ဆောင်ရွက်ကြရမည့် စီးပွားရေးလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ဒေသထွက်ကုန်များ၊ သယံဇာတအရင်းအမြစ်များကို ဆန်းသစ်သည့် နည်းပညာများနှင့်ပေါင်းစပ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး တီထွင်ဆန်းသစ်မှုများကို ဖော်ထုတ်ပေးနိုင်သည့် သုတေသနလုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများမှ ပေါ်ထွက်လာသည့် အဆင့်မြင့်နည်းပညာအသစ်များကို မူပိုင်ခွင့်အကာအကွယ် ရယူပြီး စီးပွားရေးလုပ်ကိုင်သူများနှင့် လိုအပ်သူများဆီကို နည်းပညာလွှဲပြောင်းပေးခြင်းဖြင့် ဝင်ငွေရစေမည့် မူပိုင်ခွင့်စနစ်တစ်ရပ်သည် နိုင်ငံတော်၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးနိုင်မည်ဖြစ်ကြောင်း။
ထို့ကြောင့် ဆန်းသစ်တီထွင်မှုနှင့်ဖန်တီးမှုများ မြင့်မားတိုးတက်လာစေရန်အတွက် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ သုတေသနဌာနများနှင့် MSME လုပ်ငန်းရှင်များအကြား သုတေသနဆောင်ရွက်မှု၊ နည်းပညာဖြန့်ဖြူးမှု၊ နည်းပညာအသုံးချမှု စသည့်လုပ်ငန်းများကို ချိတ်ဆက်ပေးမည့် မူပိုင်ခွင့်ဂေဟစနစ်တစ်ရပ်ကိုလည်း ဖန်တီးရန်လိုအပ်မည်ဖြစ်ကြောင်း၊ တက္ကသိုလ်၊ သုတေသနဌာနများနှင့် မူပိုင်ခွင့်ဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ (Technology and Innovation Support Center-TISC) များကို ပြည်သူများသိရှိကြစေရန်နှင့် မူပိုင်ခွင့်ဆိုင်ရာ သတင်းအချက်အလက်များ ရယူသုံးစွဲနိုင်စေရေး အသိပညာပေးကြရန် မှာကြားလိုကြောင်း။
အာဆီယံစီးပွားရေးအသိုက်အဝန်းတွင်ပါသည့် အာဆီယံဒေသတွင်း မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်း စီမံချက်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများနည်းတူ ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့် မူပိုင်ခွင့်မှတ်ပုံတင်စနစ်များကို ကျင့်သုံးဆောင်ရွက်နေပြီဖြစ်သောကြောင့် နိုင်ငံတကာအဆင့် မူပိုင်ခွင့်မှတ်ပုံတင်စနစ်များကို ကျင့်သုံးနိုင်ရေးအတွက် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ကြီးက အတည်ပြုပြဋ္ဌာန်းထားသော မူပိုင်ခွင့်နှင့်ဆက်နွှယ်နေသည့် နိုင်ငံတကာ သဘောတူစာချုပ်များနှင့် ကွန်ဗင်းရှင်းများသို့ ဝင်ရောက်နိုင်ရေးကိုလည်း ရှေ့လုပ်ငန်းစဉ်များအနေဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ယခုကဲ့သို့ မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် ကျင့်သုံးဆောင်ရွက်ရာတွင် အောင်မြင်ကျော်ကြားသည့် ဒေသထွက်ကုန်များ၊ မြန်မာ့ထုတ်ကုန်များကို မူပိုင်ခွင့်ဖြင့် မြှင့်တင်ဆောင်ရွက်ကြရန်နှင့် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်သူများ၊ တီထွင်ဖန်တီးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များကို မူပိုင်ခွင့်ဆိုင်ရာ အသိပညာဗဟုသုတများ စဉ်ဆက်မပြတ် ဖြန့်ဝေပေးရန်လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်များအထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တာဝန်ရှိသူများကလည်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ယခုကျင့်သုံးနေသည့် မူပိုင်ခွင့်စနစ်သည် တစ်မျိုးသားလုံးကို အကျိုးပြုနိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုနိုင်သည့် စနစ်တစ်ရပ်ဖြစ်သည့်အတွက် ယုံကြည်မှုအပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်၏ ဦးတည်ချက်များကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေသည့် မူပိုင်ခွင့်အကာအကွယ်ပေးခြင်းစနစ် ကျင့်သုံးရာတွင် မိမိတို့ပါဝင်ဆောင်ရွက်နေသည့် အခန်းကဏ္ဍများမှ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မူပိုင်ခွင့်ဆိုင်ရာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို
လည်းကောင်း၊ ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမင်းမင်းက မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ကော်မတီတွဲဖက်အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဗဟိုကော်မတီ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးသို့ တင်ပြသည့်အမှာစာများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
