Skip to main content

တိုးတက်ဖွံ့ဖြိုးမှု အစစ်အမှန်ဖြစ်ရေး

ဒေသတစ်ခု တိုးတက်ဖွံ့ဖြိုးသည်ဆိုခြင်းကို အများအားဖြင့် ရုပ်ပိုင်းဆိုင်ရာ ထင်သာမြင်သာ ပေါ်ထွန်းလာသည်တို့ကိုကြည့်၍ ဆုံးဖြတ်ပြောဆိုလေ့ရှိသည်။ အထူးသဖြင့် အဆောက်အအုံ များ၊ လမ်းများ၊ တံတားများ မည်ရွေ့မည်မျှ အသစ်များပေါ်လာသည်။ မည်သို့မည်ပုံ မြင့်မြင့် မားမားတို့ ထိုးထွက်လာသည် စသည်ဖြင့်။

တိုးတက်ဖွံ့ဖြိုးမှုနှင့် ကာလတာရှည် ဝေးကွာနေခဲ့ရသော မြန်မာနိုင်ငံသား ပြည်သူတို့သည် ထိုထိုသော ရုပ်ဝတ္ထုတို့နှင့်၊ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းတို့နှင့် ဆက်စပ်မြင်ယောင် ကြလေ့ရှိသည်။ ပြည်သူလူထုအတွင်း၌ လမ်းသစ်များဖောက်လုပ်ခြင်း၊ တိုက်တာကြီးများ ထိုးထိုးထောင်ထောင်ပေါ်ထွန်းလာလျှင် တိုးတက်လာပြီဟု ရုတ်တရက် တွေးထင်မိကြသည်။

တိုးတက်ဖွံ့ဖြိုးမှုနှင့် ရုပ်ဝတ္ထုပစ္စည်းတို့၏ ဆက်စပ်ပတ်သက်မှုက ရှိနေသည်မှာအမှန်။ သို့သော်လည်း တိုးတက်ဖွံ့ဖြိုးမှုကို ရုပ်ဝတ္ထုပစ္စည်းများ သက်သက်ပေါ်မှာသာ အခြေပြု သတ်မှတ်လို့မရ။ တိုးတက်ပြောင်းလဲလာသည့်စနစ်များ၊ တိုးတက်လာသည့် လုပ်ထုံးလုပ်နည်း များကလည်း တိုးတက်ဖွံ့ဖြိုးမှုကို ဖော်ပြနေမည့် ညွှန်းကိန်းများ ဖြစ်ပါသည်။

မြန်မာ့အနာဂတ် ကလေးသူငယ်များ၊ လူငယ်များအတွက် ပညာရေးစနစ် မည်မျှတိုးတက် လာပြီနည်း၊ ပြည်သူ့ကျန်းမာရေး စနစ်များ မည်သို့တိုးတက်လာပြီနည်း၊ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ စတင်လုပ်ကိုင်နိုင်ရေးတို့ အတွက် လုပ်ထုံးလုပ်နည်း အကျပ်အတည်းများကို မည်သို့သော ဖြေလျှော့မှုတို့ လုပ်ပေးနိုင်ပြီနည်း၊ ဗျူရိုကရေစီယန္တရားတွင်းက ကြိုးနီစနစ်တို့ကို မည်သို့ဖြေရှင်းနိုင်နေပြီနည်း အစရှိသည့် စနစ်နှင့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း ဥပဒေပြောင်းလဲ ကောင်းမွန် လာခြင်း စသည်တို့သည် တိုးတက်ဖွံ့ဖြိုးမှုကိုဖော်ပြသည့် ညွှန်းကိန်း များ ဖြစ်ပေမည်။

မိုးထိမြင့်မားသော တိုက်တာအဆောက်အအုံများ၊ လွင့်ပျံနေသည့်တံတားကြီးများ ပေါ်ထွန်း လာရုံမျှဖြင့် တိုးတက်ပြီဟုဆိုရန် လုံလောက်မည် မဟုတ်သေး။ ထိုအဆောက်အအုံတို့သည် မိမိတို့ လူမှုဝန်းကျင်တွင် မည်မျှလောက် လိုအပ်နေသနည်း၊ မိမိတို့လူမှု ဝန်းကျင်အတွက် မည်မျှလောက် အသုံးဝင်သနည်း၊ ထိုအဆောက် အအုံတို့ကို တည်ဆောက်ရာ၌ ပြည်သူ့ဘဏ္ဍာ ကို သုံးစွဲကြ ရာတွင် မည်မျှလောက် ထိရောက်မှုရှိသနည်း၊ လူထုအတွက် မည်မျှလောက် အကျိုးရှိသနည်း၊ တစ်နည်းဆိုရသော် ပြည်သူလူထု အမှန် တကယ်မည်မျှလောက် အကျိုးစီးပွား ရှိပါသနည်း စသည်တို့က တိုးတက်ဖွံ့ဖြိုးမှုကို အကဲဖြတ်ရာတွင် မဖြစ်မနေ ထည့်သွင်းရှုမြင် ရသော လိုအပ်ချက်များ ဖြစ်ပါမည်။

ထို့ကြောင့်ပင် တိုးတက်ဖွံ့ဖြိုးရေးစီမံကိန်းများ စတင်စဉ်ကပင် စီမံကိန်းကို မည်သို့မည်ပုံ တည်ဆောက်မည်။ လိုအပ်ချက်များက မည်သို့ရှိသည်၊ မည်သည့်နေရာတွင်ဖြစ်မည်၊ ထိုဒေသ တို့တွင် ထိုစီမံကိန်းပေါ်ပေါက်လာမှုကြောင့် မည်သို့သော လူမှုရေးရာ သက်ရောက်မှုများ ရှိနိုင်သည်။ ပြည်သူလူထု၏ ကျန်းမာရေးဆိုင်ရာ အခြေခံလိုအပ်ချက်များနှင့် မည်မျှကိုက်ညီ သည်။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ မည်သို့ဖြစ်နိုင်သည်။ မြို့ပြအမွေအနှစ်များ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ သမိုင်းအမွေအနှစ် များပေါ် မည်သို့သက်ရောက်မှုများ ရှိလာနိုင်သည် စသည်ဖြင့် ဘက်စုံထောင့်စုံ ကြိုတင်တွက်ချက် စိစစ်လေ့လာရပါသည်။

အစဉ်အလာလိုဖြစ်နေသည့် စီမံကိန်းဆွဲ၊ ဘတ်ဂျက်တင်၊ နီးစပ်ရာတို့ဖြင့် အကောင်အထည် ဖော်သည့်အခါ၊ ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများ စီမံကိန်းဖော်ရာအရပ်က ဒေသခံတို့၏ လူမှုရေးဆိုင်ရာ ပြဿနာကြီးငယ်များ၊ လူတို့အတွက် အရေးပေါ်မီးရေး၊ ထင်းရေးကိစ္စများတွင် မလုံခြုံမှုများ၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်နှင့် မပြည့်မီမှုများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တို့နှင့် ဝိရောဓိဖြစ်ရသည်များ စသည်တို့ဖြင့် ကြုံတွေ့ရကာ၊ နောက်ဆုံးတွင် နိုင်ငံ အတွက်လည်း အကျိုးမရှိ၊ နိုင်ငံသား ပြည်သူလူထုတို့ အတွက်လည်း ဘာမှ အကျိုးမဖြစ်သည့် အတွေ့အကြုံများ ရှိခဲ့ဖူးပြီတည်း။

ထို့ကြောင့်ပင် ပြည်သူလူထုအကျိုးစီးပွားပေါ်သာ လုံးလုံးလျားလျား အခြေပြုသည့် ရေရှည် တည်တံ့ကောင်းမွန်သော တိုးတက် ဖွံ့ဖြိုးရေး စီမံကိန်းများကိုသာ ပြည်သူတို့က လိုလား မျှော်လင့်ကြပါသည်။         

အထက်တွင် ဆိုသကဲ့သို့ ရုပ်ဝတ္ထုပစ္စည်းများ၊ စည်းမျဉ်းဥပဒေများ၊ စနစ်နှင့်လုပ်ထုံးလုပ်နည်း တိုးတက်ကောင်းမွန် လာခြင်းတို့ အပြင် ပြည်သူတို့၏ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု မြင့်မားလာခြင်း၊ ပျော်ရွှင်ကျေနပ်ခြင်း အစစတို့ကိုလည်း တိုးတက်ဖွံ့ဖြိုးမှု ညွှန်းကိန်း များအဖြစ် ကြည့်မြင်ကြရမည် ဖြစ်ပါကြောင်း။ ။