နေပြည်တော် ဇူလိုင် ၂၄
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့မန္တလာတက္ကသိုလ်၌ အထူးပြုဘာသာရပ်ပေါင်းစုံ ဖူဆယ်ဘောလုံး (အမျိုးသား) ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကာ ဆုရအသင်းများအား ဆုပေးအပ်ချီးမြှင့်သည်။
ထို့နောက် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှု၊ ဘွဲ့နှင်းသဘင်ခန်းမပြင်ဆင် ဆောင်ရွက်ပြီးစီးမှု၊ မိုးလုံလေလုံအားကစားရုံ၌ ကျောင်းသားများ ဘတ်စကက်ဘော လေ့ကျင့်နေမှု၊ စာသင်ဆောင်၊ အိပ်ဆောင်၊ စားသောက်ဆိုင်တန်း၊ အားကစားရုံ၊ အားကစားကွင်း၊ စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ အစည်းအဝေးခန်းမတွင် ပါမောက္ခများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များကို ရင်းရင်းနှီးနှီးမေးမြန်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ရတနာပုံတက္ကသိုလ်၌ တက္ကသိုလ်ပရဝဏ်အတွင်း စိမ်းလန်းစိုပြည်ရေး ထိန်းသိမ်းထားရှိမှု၊ ပင်မဆောင်ပြင်ဆင်ပြီးစီးမှု၊ တက္ကသိုလ်စာကြည့်တိုက်တွင် ဒီဂျစ်တယ် စာငှားစနစ်အသုံးပြုမှု၊ စားသောက်ဆိုင်တန်းတွင် အစားအသောက်ရောင်းချနေမှု၊ စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေ မှုကိုကြည့်ရှုအားပေးပြီး သင်ကြားသင်ယူမှု၊ ရေမီးလိုအပ်ချက်၊ အဆောင်နေထိုင်စားသောက်မှုတို့ကို ဆွေးနွေးမေးမြန်း၍ ပေါင်းစပ်ဖြည့်ဆည်းပေးကာ တည်ဆောက်ရေးလုပ်ငန်း လျာထားမြေနေရာနှင့် တက္ကသိုလ်ဘောလုံးကွင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် စစ်ကိုင်းမြို့ရှိ စစ်ကိုင်းပညာရေးတက္ကသိုလ်သို့ရောက်ရှိပြီး ဖူဆယ်ဘောလုံး ကစားကွင်းကိုကြည့်ရှုကာ မိုးလုံလေလုံအားကစားရုံ၌ အတန်းပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် အပန်းဖြေရိပ်သာတည်ဆောက်ရေး လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး ဘောလုံး အားကစားကွင်းနှင့် စာသင်ခန်းများတွင် သင်ကြားပို့ချနေသော သင်ပြနည်းစနစ်များကိုကြည့်ရှု၍ ကြက်ခြေနီအခြေခံ သူနာပြုသင်တန်း တက်ရောက်နေသော ကျောင်းသား ကျောင်းသူများကို အားပေးစကားပြောကြားကာ တက္ကသိုလ်သန့်ရှင်းသာယာရေးကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
