Skip to main content

နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံအမွေအနှစ် လေးစားဂုဏ်ယူတန်ဖိုးထားထိန်းသိမ်း

ရန်ကုန်မြို့သည် ယဉ်ကျေးမှုအမွေအနှစ်များ ပေါများကြွယ်ဝပြီး ဂုဏ်ယူစရာကောင်းသည့် မြို့ကြီးဖြစ်သည်။ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့်အတူ အနုပညာဗိသုကာလက်ရာမြောက်သည့် ရှေးဟောင်းအဆောက်အအုံများကို မပျောက်ပျက်အောင် ထိန်းသိမ်းထားရှိသည်။ ယခုအခါ ယဉ်ကျေးမှုနှလုံးသားဟု တင်စားရမည့် နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိပြီဖြစ်သည့် ရှေးဟောင်းသမိုင်းဝင် အမွေအနှစ် ဝဇီရာရုပ်ရှင်ရုံကြီးကို မူလလက်ရာမပျက် ပြန်လည်မွမ်းမံပြီး နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အောင်မြင်စွာ အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်၍ ဝမ်းမြောက်ဂုဏ်ယူကြရမည်ဖြစ်သည်။

ဝဇီရာရုပ်ရှင်ရုံကြီးသည် မြန်မာ့ရုပ်ရှင်၏ သမိုင်းဝင်မှတ်တိုင်များနှင့် အနုပညာလက်ရာကောင်းများစွာကို မွေးဖွားသန့်စင်ပေးခဲ့သည့် ရုပ်ရှင်ရုံကြီးဖြစ်သည်။ ၁၉၂၃ ခုနှစ်ကတည်းက မေဒန်သီရေတာကုမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မူလက အိတ်ဆယ်စီယာ(Excelsior)ရုံကြီးဟု အမည်တွင်ခဲ့သည်။ ကိုလိုနီခေတ် ၁၉၂၉ ခုနှစ်တွင် ဒါရိုက်တာဦးညီပု ရိုက်ကူးထုတ်လုပ်သည့် “ဆုထူးပန်”ဇာတ်ကားကြီးကို ပြသခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ နိုင်ငံခြားမှ ဖလင်တင်သွင်းမှုရပ်ဆိုင်းသွားခဲ့သဖြင့် ထိုကာလများတွင် အဆိုပါရုံကြီး၌ မြန်မာ့ပြဇာတ်လောက၏ အမြင့်မားဆုံးဖြစ်သည့် “စစ်တွင်းပြဇာတ်ရွှေခေတ်”ကို စတင်ပုံဖော်ပေးခဲ့သည်။ ကဇာတ်ရုံကြီးသည် ဖျော်ဖြေမှုသက်သက်သာမဟုတ်ဘဲ ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုကို ကိုယ်စားပြုသည့် သမိုင်းဝင်ဇာတ်ရုံကြီးဖြစ်သည်။

ခေတ်အဆက်ဆက်တွင် မြန်မာ့ရုပ်ရှင်အနုပညာရှင်ကြီးများက ယခုရုံကြီး၏ စင်မြင့်ထက်တွင် ပြည်သူများအား ဖျော်ဖြေမှုပေးခဲ့ရာ မွန်းကျပ်နေသည့် ပြည်သူများအတွက် စိတ်ဓာတ်ခွန်အားများနှင့် အနုပညာအသက်ရှူပေါက်ကို ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ဗိုလ်ကလေးတင့်အောင်နှင့် ဂီတလုလင်မောင်ကိုကိုတို့က “ဂုဏ်တုဂုဏ်ပြိုင်”၊ “အမေ့ချွေးမ လှလှလေး” စသည့်ပြဇာတ်များဖြင့် ဝဇီရာ ပြဇာတ်ရုံအဖြစ် ပြန်လည်အသက်ဝင်လှုပ်ရှားမှုများကို သတိရကြမည်ဖြစ်သည်။ ဝဇီရာရုပ်ရှင်ရုံကြီးသည် အနုပညာရှုထောင့်မှကြည့်မည်ဆိုပါက မြန်မာ့ယဉ်ကျေးမှုသမိုင်းတွင် အလွန်ထူးခြားလှသည့် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်နှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များပေါင်းစပ်ရာ နှလုံးအိမ်ကြီးပင်ဖြစ်သည်။ လှပခိုင်ခံ့သည့် ပြင်သစ်ဗိသုကာလက်ရာမျိုးစုံတို့ဖြင့် မွမ်းမံဖွဲ့စည်းထားသည်ကို ယနေ့ထက်တိုင် တွေ့နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ဇူလိုင် ၂၇ ရက်က ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့ရာ “ယခုကဲ့သို့ ဝဇီရာရုပ်ရှင်ရုံကြီး ပြန်လည်ရှင်သန်နိုးထလာခြင်းသည် မိမိတို့ မြန်မာနိုင်ငံ၏ အမျိုးသားယဉ်ကျေးမှု သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် အဆိုးအကောင်း ရောပြွမ်းနေသည့် နိုင်ငံတကာ ယဉ်ကျေးမှုရေစီးကြောင်းကြီးသည် မြန်မာနိုင်ငံကိုလည်း အကြားအလပ်မရှိ စီးဝင်ထိုးဖောက်နေကြောင်း၊ မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများ မကျိုးကြေသွားစေရန် “ဝဇီရာ”ကဲ့သို့ မာကျော၊ တောက်ပ၊ ထွင်းဖောက်နိုင်သည့် စွမ်းအားနှင့်သာ ကာကွယ် နိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ယခုဇာတ်ရုံကြီးတွင် တင်ဆက်မည့် အနုပညာလက်ရာများသည် ရိုးရိုးဖျော်ဖြေရေးသက်သက်မဟုတ်ဘဲ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ပြီး ဂုဏ်သိက္ခာရှိသည့်၊ အမျိုးသားအဆင့်ဂုဏ်ဒြပ်ကို ဖော်ဆောင်နိုင်သည့် တင်ဆက်မှုများကို မြန်မာပရိသတ်များနှင့် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားဧည့်သည်များအနေဖြင့် ဂုဏ်ယူစွာ ကြည့်ရှုခံစားနိုင်တော့မည်ဖြစ်သည်။ အဆင့်မြှင့်တင် ပြန်လည်အသက်သွင်းလိုက်သည့် ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံကြီးသည် ရုပ်ရှင်၊ ပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အကနှင့် ဂီတပွဲများကျင်းပရာ ဘက်စုံသုံးအနုပညာဗဟိုချက် (Cultural Hub) တစ်ခုအဖြစ် ရပ်တည်သွားမည်ဖြစ်သည်။ ဖျော်ဖြေရေးပြက္ခဒိန်ရေးဆွဲပြီး ရှေးဟောင်းအမွေအနှစ် ရုပ်ရှင်ကားများပြသခြင်း၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ ကပြဖျော်ဖြေခြင်း၊ မြန်မာ့ရိုးရာသဘင်နှင့် ဂီတဖျော်ဖြေပွဲများ ကျင်းပခြင်း၊ ကမ္ဘာလှည့်ခရီးသွားများအတွက် ယဉ်ကျေးမှုအထူးပြပွဲများ ကျင်းပခြင်း၊ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကျင်းပခြင်း စသည့်အနုပညာလှုပ်ရှားမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။

သို့ဖြစ်ရာ ဝဇီရာရုပ်ရှင်ရုံကြီးသည် သာမန်အဆောက်အအုံတစ်ခုမဟုတ်ဘဲ ဖြတ်သန်းခဲ့သည့် ခေတ်အဆက်ဆက်မှ အနုပညာရှင်များ၏ အနုပညာဝိညာဉ်နှင့် ပြည်သူပရိသတ်များ၏ ရင်ခုန်သံများကိန်းဝပ်နေသည့် သမိုင်းဝင်ပြတိုက်ကြီးဖြစ်ပြီး အနာဂတ်ကာလတွင် ဝဇီရာနိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံကြီးသည် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းပေးရုံသာမက ရှေးဟောင်းအမွေအနှစ် ခရီးသွားလုပ်ငန်း (Heritage Tourism)နှင့် ယဉ်ကျေးမှုစီးပွားရေး (Cultural Economy)တို့ကို များစွာအထောက်အကူပြုနိုင်တော့မည်ဖြစ်၍ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံအမွေအနှစ်ကို လေးစားဂုဏ်ယူတန်ဖိုးထားပြီး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း။