Skip to main content

တပ်မတော်စစ်ကြောင်းများက ကလေး-တမူး လမ်းကြောင်းပေါ်ရှိ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် တမူးမြို့နယ်၊ ဘုတ်ကန်စံပြကျေးရွာအား ထပ်မံသိမ်းပိုက်ရရှိ

နေပြည်တော် ဇူလိုင် ၂၉

တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး-တမူးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရန် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့/ရွာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism Operation) လုပ်ငန်းများ၊ နယ်မြေလုံခြုံရေးလုပ်ငန်းများကို မနေမနား အားသွန်ခွန်စိုက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဆိုပါ ကလေး-တမူး လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများသည် စနစ်တကျစုဖွဲ့ပြင်ဆင်ပြီး စစ်ကြောင်းများခွဲ၍ ဟန်ချက်ညီညီဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို နေ့မနားညမအား သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တမူးမြို့ဘက်မှချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ရန်လင်းဖိုင်ကျေးရွာနှင့် အဆိုပါ ဒေသတစ်ဝိုက်အထိအားလည်းကောင်း၊ ကလေးမြို့ဘက်မှချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ကလေး-တမူးလမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများအား တစ်ခုပြီးတစ်ခု အဆင့်ဆင့်ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ဇူလိုင် ၂၆ ရက်တွင် ထင်းဇင်ရွာသစ်နှင့် ထင်းဇင်ရွာဟောင်းတို့အား သိမ်းပိုက်ရရှိခဲ့သည်။

တပ်မတော်စစ်ကြောင်းများသည် ကလေး-တမူး လမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရေးတို့အတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆက်လက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယမန်နေ့ညနေပိုင်းတွင် ထင်းဇင်ရွာ၏မြောက်ဘက် မီတာ ၆၂၀၀ ခန့်အကွာရှိ ဘုတ်ကန်စံပြကျေးရွာအား ထပ်မံသိမ်းပိုက်ရရှိခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကျေးရွာအတွင်း ယာယီအခြေပြုနေထိုင်ခဲ့စဉ်ကာလအတွင်း ဒေသခံပြည်သူများ၏ နေအိမ်များအတွင်းမှ စားရေရိက္ခာနှင့်အသုံးဆောင် ပစ္စည်းများ၊ စည်းစိမ်ဥစ္စာများနှင့်တန်ဖိုးကြီးပစ္စည်းများကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျပြီး အတင်းအဓမ္မယူဆောင်အသုံးပြုခြင်း၊ နေအိမ်အဆောက်အအုံများအတွင်း ပစ်ကျင်းများ၊ ဘန်ကာများပြုလုပ်၍ ခံစစ်စခန်းများ ပြုလုပ်ထားခြင်း၊ တိုက်နယ်ဆေးရုံ၊ စာသင်ကျောင်းနှင့် ဌာနဆိုင်ရာအဆောက်အအုံများအားဖျက်ဆီးခြင်း၊ ၎င်းတို့ကို မထောက်ခံသည့်ဒေသခံများကို အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းတို့ကို ရက်စက် ယုတ်မာစွာ ကျူးလွန်လုပ်ဆောင်ခဲ့ကြသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး-တမူးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများ၏ လူမဆန်စွာ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့ခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသခံပြည်သူများ၏ နေအိမ်၊ အဆောက်အအုံများ၊ ဌာနဆိုင်ရာအဆောက်အအုံများနှင့် လမ်းတံတားများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်း၊ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး စသည့်လူမှုစီးပွားဘဝများ အမြန်ဆုံးပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာဌာနများအလိုက် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဒေသခံများ မိုင်းအန္တရာယ်ကင်းရှင်းစေရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။