ရန်ကုန် ဇူလိုင် ၂၉
ဂျပန်နိုင်ငံ ကူမာမိုတိုစီရင်စု၌ ပြင်းအား ၇ ဒသမ ၁ ရှိ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁၃ ဦးအထိရှိလာပြီး နောက်ဆက်တွဲငလျင်များဖြစ်ပေါ်နိုင်၍ အနီးပတ်ဝန်းကျင်ဒေသရှိ မြန်မာနိုင်ငံသားများ သက်ဆိုင်ရာအာဏာပိုင်များ၏ညွှန်ကြားချက်ကို အချိန်နှင့်တစ်ပြေးညီ လိုက်နာကြရန် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှကြေညာထားသည်။
Japan Meteorological Agency ၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၂၈ ရက် ညနေ ၄ နာရီ ၂၇ မိနစ်တွင် ဂျပန်နိုင်ငံ ကူမာမိုတိုစီရင်စု၌ ပြင်းအား ၇ ဒသမ ၁ ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း၊ Geoscience Australia နှင့် အမေရိကန်မြေငလျင်တိုင်းတာရေးစခန်း (USGS) မှ ထုတ်ပြန်ချက်အရ ပင်လယ်ရေမျက်နှာပြင်အောက် အနက် ၁၀ ကီလို မီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါဒေသတွင်နောက် ဆက်တွဲငလျင်များ လှုပ်ခတ်လျက်ရှိကြောင်း သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ငလျင်ဒဏ်ကြောင့် အဆောက်အအုံများပြိုကျပျက်စီးမှုများ၊ ပေါက်ကွဲမှုများနှင့် မီးလောင်ကျွမ်းမှုများရှိပြီး ဇူလိုင် ၂၉ ရက် နံနက်ပိုင်းသတင်းများအရ လူ ၁၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း သတင်းများအရ သိရသည်။
လျှပ်စစ်ဓာတ်အားပြတ်တောက်လျက်ရှိ
အဝေးပြေးလမ်းမကြီးများအပါအဝင် အဓိကလမ်းမကြီးများတွင် အက်ကြောင်းများဖြစ်ပေါ်ပြီး ရထားပြေးဆွဲမှုများနှင့် လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်းထားကြောင်း၊ ကူမာမိုတိုစီရင်စုအတွင်း အိမ်ထောင်စုပေါင်း ၄၈၃၀၀ ခန့် လျှပ်စစ်ဓာတ်အားပြတ်တောက်လျက်ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။
သတင်းအချက်အလက်များကို အနီးကပ်စောင့်ကြည့်
သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံ ကူမာမိုတိုနှင့်အနီးပတ်ဝန်းကျင်ဒေသရှိ မြန်မာနိုင်ငံသားများအနေဖြင့် နောက်ဆက်တွဲငလျင်များဖြစ်ပေါ်နိုင်သည့်အတွက် သတိရှိကြရန်၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ အင်တာနက်များမှ ဒေသဆိုင်ရာအာဏာပိုင်များနှင့် Japan Meteorological Agency မှ ထုတ်ပြန်သည့် သတင်းအချက်အလက်များကို အနီးကပ်စောင့်ကြည့်၍ ဘေးလွတ်ရာသို့ရွှေ့ပြောင်းကြပါရန်၊ သက်ဆိုင်ရာအာဏာပိုင်များ၏ ညွှန်ကြားချက်ကို အချိန်နှင့်တစ်ပြေးညီလိုက်နာကြရန် အသိပေးထားသည်။ ယခုသတိပေးကြေညာချက်အား မိမိနှင့်နီးစပ်ရာ မြန်မာနိုင်ငံသားများထံ ဖြန့်ဝေအသိပေးနိုင်ပါရန်လည်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ မေတ္တာရပ်ခံထားသည်။
MT
