Skip to main content

ESports ကမ္ဘာ့ဖလားပြိုင်ပွဲ ESports World Cup 2026 (MLBB) တွင် မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos (YG) MLBB အသင်း 1st Runner Up ရရှိ

ရန်ကုန် ဩဂုတ် ၃

ပြင်သစ်နိုင်ငံပါရီမြို့တွင် ဇူလိုင် ၂၂ ရက်မှ ဩဂုတ် ၁ ရက်အထိကျင်းပသည့် ESports ကမ္ဘာ့ဖလားပြိုင်ပွဲ ESports World Cup 2026 (MLBB) တွင် မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos (YG) MLBB အသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကမ္ဘာ့အဆင့် Mobile Legends: Bang Bang ပြိုင်ပွဲ၏ Grand Final ၌ 1st Runner Up (ဒုတိယဆု) ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ မြန်မာ၊ စင်ကာပူ၊ ဆော်ဒီ အာရေးဗျ၊ ရုရှား၊ တူကီယဲ၊ တရုတ်၊ ပီရူး၊ အိန္ဒိယ၊ မွန်ဂို လီးယား၊ ဘရာဇီး၊ ထိုင်း၊ လာအို၊ ဂျပန်နှင့် ဗီယက်နမ် စသည့်နိုင်ငံပေါင်း ၁၈ နိုင်ငံမှ အသင်း ၂၅ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု Yangon Galactico s(YG) MLBB အသင်းသည် အုပ်စုပထမပွဲစဉ်၌ ဆော်ဒီအာရေးဗျနိုင်ငံမှ Geekay ESports အသင်းအား (၂) ပွဲပြတ်၊ အုပ်စုဒုတိယပွဲစဉ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ PRO ESports အသင်းအား (၂) ပွဲပြတ်၊ ရှုံးထွက်ကွာတားဖိုင်နယ်ပွဲစဉ်တွင် (၃) ပွဲပြတ်၊ အကြိုဗိုလ်လုပွဲ ပွဲစဉ်တွင် ဖိလစ်ပိုင်နိုင်ငံမှ Falcons PH ESports အသင်းအား (၃) ပွဲ (၂) ပွဲဖြင့်အနိုင်ရရှိ၍ Grand Final သို့တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲ ပွဲစဉ်တွင် ရုရှားနိုင်ငံမှ Team Spirit အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ (၃) ပွဲ (၄) ပွဲရလဒ်ဖြင့် 1st Runner Up (ဒုတိယဆု) ကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

သောင်းသောင်းဖြဖြကြိုဆို

ချန်ပီယံဆုရရှိခဲ့သည့် ရုရှားနိုင်ငံမှ Team Spirit အသင်းသည် ဆုကြေးငွေ ဒေါ်လာတစ်သန်း ရရှိခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos (YG) MLBB အသင်းက 1st Runner Up (ဒုတိယဆု) ရရှိခဲ့သည့်အတွက် ဒေါ်လာငါးသိန်းရရှိခဲ့သည်။

ယခုကဲ့သို့ 1st Runner Up (ဒုတိယဆု) ဆွတ်ခူးရရှိခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြုအသင်းသည် ယနေ့နံနက်ပိုင်းတွင် China Southern Airlines ဖြင့် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) မှ သင်တန်းသားများ၊ မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုးမိတ်သင်္ဂဟများက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံ့ဂုဏ်ဆောင် ဒုတိယဆုရရှိခဲ့သည့် Mobile Legends MLBB အသင်းအား ဂုဏ်ပြုပွဲကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ကျင်းပပြီး ပြိုင်ပွဲဝင်အားကစားသမားများကို KBZ Bank/KBZ Pay မှ CEO ဒေါ်သက်မာအေးက ကျပ်သိန်း ၅၀၀၀ ဂုဏ်ပြုဆုကိုလည်းကောင်း၊ Delous Group of Company မှ ကျပ်သိန်း ၁၀၀ အပါအဝင် ကျပ်သိန်း ၄၀ တန်ဖိုးရှိ ကွတ်ကီးမုန့်များကိုလည်းကောင်း၊ Cherry Oo နာရီမှ အမေရိကန်ဒေါ်လာ ၂၀၀၀၀ ကိုလည်းကောင်း၊ Shwe Nadi Application မှ Apple Pro-3 နားကြပ်ရှစ်ခုနှင့် ရွှေနဒီအက်ပလီကေးရှင်း၏ တစ်နှစ်တာကြည့်ရှုခွင့်ကိုလည်းကောင်း အသီးသီးဂုဏ်ပြုချီးမြှင့်ကြသည်။

ကမ္ဘာ့ဖလားအီးစပေါ့အားကစားပြိုင်ပွဲအား ဇူလိုင် ၂၂ ရက်မှ ဩဂုတ် ၁ ရက်အထိကျင်းပခဲ့ပြီး အဆိုပါ Grand Final ပြိုင်ပွဲအား ရန်ကုန်မြို့အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ကျေးလက်ဒေသများပါမကျန် အားပေးကြည့်ရှုခဲ့ကြသည်။ ကမ္ဘာ့ချန်ပီယံအီးစပေါ့ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်ဒုတိယဆုရရှိခဲ့သည့် Yangon Galacticos (YG) အသင်းအနေဖြင့် ဂျပန်နိုင်ငံတွင်ကျင်းပမည့် အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်ဆုများ ဆက်လက်ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်