Skip to main content

ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ရေးပစ္စည်းများ စုဆောင်းပြီး လိုအပ်သည့်နေရာများသို့ အမြန်ဆုံးပို့ဆောင်လှူဒါန်းလျက်ရှိ

ပုသိမ် ဩဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အားကစားပြိုင်ပွဲရုံ (၂) ၌ လေးမျက်နှာမြို့နယ် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှု ဖြစ်ပွားပြီး ရေကျော်စီးဝင်ကာ ရေဘေးသင့်ခဲ့ရသည့် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ရေးပစ္စည်းများကို ပုသိမ်မြို့ အားကစားပြိုင်ပွဲရုံ (၂) ၌ စုဆောင်းထားရှိပြီး လိုအပ်သည့်နေရာများသို့ အမြန်ဆုံး ပို့ဆောင်လှူဒါန်းလျက်ရှိသည်။

အဆိုပါထောက်ပံ့ရေးပစ္စည်းများ စနစ်တကျထားရှိစေရေး၊ လိုအပ်သည့်နေရာများသို့ အမြန်ဆုံးပို့ဆောင်လှူဒါန်းနိုင်ရေးအတွက် စီမံဆောင်ရွက်နေမှုကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့် အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် ပုသိမ်မြို့ ပြည်သူ့ဆေးရုံ၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အဖြစ် ပုသိမ်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)၊ နည်းပညာတက္ကသိုလ် (ပုသိမ်)၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်တို့မှ ကျောင်းသား ကျောင်းသူ ၁၀၂ ဦးတို့၏ စုပေါင်းသွေးလှူဒါန်းမှုကို သွားရောက်ကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)