Skip to main content

လေးမျက်နှာမြို့နယ်အတွင်း ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား ဧရာဝတီဖောင်ဒေးရှင်းက စားရေရိက္ခာနှင့် ဆေးဝါးများ ထောက်ပံ့လှူဒါန်း

လေးမျက်နှာ ဩဂုတ် ၅

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်သည့် သဘာဝဘေးအန္တရာယ်များ၊ လိုအပ်သည့်နေရာများတွင် အစဉ်အမြဲကူညီပံ့ပိုးပေးလျက်ရှိသည့် ဧရာဝတီဖောင်ဒေးရှင်းသည် လေးမျက်နှာမြို့နယ်အတွင်း ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား သြဂုတ် ၄ ရက်နှင့် ၅ ရက်တို့တွင် သွားရောက်၍ စားရေရိက္ခာနှင့် ဆေးဝါးများ ထောက်ပံ့လှူဒါန်းခဲ့သည်။

ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများသည် သြဂုတ် ၄ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ရေဘေးဒဏ်ခံစားနေရသည့် အိုင်သပြုကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ ထောက်ပံ့လှူဒါန်းခဲ့သည်။ ထို့ပြင် သြဂုတ် ၅ ရက်တွင်လည်း စာရေးကွင်းကျေးရွာရှိ ရေဘေးကွပ်ကဲမှုရုံးသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအတွက် စားရေရိက္ခာများ၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ ရေသန့်များ၊ Donation Box များ သွားရောက်လှူဒါန်းခဲ့သည်။

ဧရာဝတီဖောင်ဒေးရှင်းသည် လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများ၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ဆက်လက်ပါဝင်ကူညီသွားမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကြောင့် အခက်အခဲများ ကြုံတွေ့နေရသော ပြည်သူများထံ လိုအပ်သော ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း-မောင်ညီ၊ဓာတ်ပုံ-ကိုမိုး