မတ္တရာ ဩဂုတ် ၆
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ဆည်တော်ကြီးရေလှောင်တမံအထက်ပိုင်းဒေသများမှ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးရေများဝင်ရောက်လာသည့်အတွက် ကန်ရေပြည့်မှတ်သို့မရောက်မီကြိုတင်၍ ဆည်ရေပိုလွှဲ ရေတံခါးများကိုထိန်းညှိ၍ ရေလွှတ်ထားကြောင်းသိရသည်။
ဆည်အတွင်း ဩဂုတ်၅ရက် ညနေ ၄ နာရီက ကန်ရေပြည့်မှတ် ၄၁၉ ဒသမ ၅ သို့ ရောက်ရှိခဲ့ပြီး ဩဂုတ် ၆ ရက် နံနက်၁၀နာရီ တိုင်းတာချက်အရ ဆည်တော်ကြီးရေလှောင်တမံ၏ ရေအမှတ်မှာ ၄၁၉ ဒသမ ဝ ပေ သို့ ရောက်ရှိနေပြီး ကန်ရေပြည့်မှတ်အောက်သို့ လျော့ကျလျက်ရှိကြောင်း သိရသည်။
ဆည်တော်ကြီးရေလှောင်တမံတွင် ရေထိန်းတံခါး(၇)ပေါက်အား တံခါးနံပါတ်(၂၊ ၃၊ ၄၊ ၅၊ ၆) တို့အား နှစ်ပေစီ၊ ရေတံခါးနံပါတ် (၁)နှင့် (၇)တို့အား တစ်ပေစီ ထုတ်လွှတ်ထားကြောင်းသိရသည်။ အဆိုပါ ရေထိန်းညှိလွှတ်ထားမှုကြောင့် ချောင်းမကြီးဘေးဝဲယာရှိ အထက်တောင်ကိုင်းကျေးရွာ၊ ကျွဲကျကျေးရွာ၊ ရှားစေးချက်ကျေးရွာနှင့် တံငါ(မြောက်)ကျေးရွာတို့ရှိ အနိမ့်ပိုင်းနေရာများတွင် ရေများဝင်ရောက်လျက်ရှိပြီး တံငါ(တောင်)ကျေးရွာ မန္တလေး-မိုးကုတ်ကားလမ်းမိုင်တိုင်အမှတ် ၂၅/၄နှင့် ၂၅/၆ ကြားတွင် နံနက် ၆နာရီခွဲမှစတင်၍ ကားလမ်းမပေါ်သို့ ၆ လက်မခန့် ရေကျော်လျက်ရှိကြောင်း သိရသည်။
မတ္တရာမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးနှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မတ္တရာမြို့နယ်)တို့တွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို အသင့်စုဖွဲ့ထားကြောင်း သိရသည်။
ရွှေရာသား
