Skip to main content

ဆီထွက်သီးနှံ တိုးတက်ထုတ်လုပ်ကျန်းမာရေးနှင့်ညီစွာ ဆီကိုစားသုံး

မြန်မာနိုင်ငံတွင် မြေပဲ၊ နှမ်း၊ နေကြာတို့အပါအဝင် ဆီထွက်သီးနှံများ ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းပြီး လက်ရှိစိုက်ဧကနှင့်ပင် ပြည်တွင်းစားသုံးမှုဖူလုံစေရန် စိုက်ပျိုးထုတ်လုပ်နိုင်သည်။ နိုင်ငံတော်အစိုးရက ပြည်တွင်းစားသုံးဆီဖူလုံရေး၊ ပြည်ပမှဆီတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရည်မှန်းချက် ပြည့်မီရန်လိုအပ်သကဲ့သို့ စားသုံးသင့်သည့်ပမာဏထက်ပို၍ ဆီစားသုံးမှုနှုန်းများပြားနေသည့် နိုင်ငံသူနိုင်ငံသားများအား ဆီစားသုံးမှုလျှော့ချနိုင်ရေး ပညာပေးစည်းရုံးဆောင်ရွက်သွားရန်လည်း လိုအပ်လျက်ရှိသည်။

‘‘ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့်စပ်လျဉ်း၍ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို အထူးဇုန် ၁၂ ခု သတ်မှတ်ပြီး တစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နှမ်းနှင့်ပတ်သက်၍ တစ်ဧကပန်းတိုင်အထွက်နှုန်း တင်း ၂ဝ သတ်မှတ်ထားသော်လည်း အမှန်တကယ်အထွက်နှုန်းသည် ၉ ဒသမ ၆ တင်းသာရှိသည့်အတွက် ၅ဝ ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရပါကြောင်း၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီမည်ဆိုပါက ထုတ်လုပ်မှုကုန်ကျစရိတ်များ ကျဆင်းလာမည်ဖြစ်ကြောင်း’’ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော် သမ္မတဦးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပဲပုပ်နှင့်ပန်းနှမ်းကို ရှမ်းပြည်နယ်၊ ဆီအုန်းကို တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးသည်။ ဆီထွက်သီးနှံစိုက်ပျိုးဧကမှာ ဆီအုန်းမပါဘဲနှင့် စိုက်ဧကရှစ်သန်းရှိပြီး လက်ရှိအထွက်နှုန်းအတိုင်းနှင့်ပင် ပြည်တွင်းဆီစားသုံးမှု ဖူလုံနိုင်သော်လည်း အားလုံးကိုဆီကြိတ်ခြင်းမဟုတ်ဘဲ ပြည်ပသို့တင် ပို့ခြင်း၊ တိုက်ရိုက်စားသုံးခြင်းတို့ကြောင့် ပြည်တွင်းစားသုံးဆီအတွက် လိုအပ်ချက်ဖြစ်ပေါ်လာသည်။ တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်း ချက်များဖြစ်သည့် မြေပဲ တင်း ၇၀၊ နှမ်းတင်း ၂၀၊ နေကြာတင်း ၅၀ သတ်မှတ်ချက်အတိုင်းပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ပါက နိုင်ငံ အတွက် စားသုံးဆီဖူလုံမှုမှာ ၂၅၀ ရာခိုင်နှုန်းခန့် ရှိလာမည်ဖြစ်ရာ ပြည်ပမှဆီတင်သွင်းရမှုများစွာ လျော့ကျသွားမည်ဖြစ်သည်။

‘‘ကျန်းမာရေးနှင့် ညီညွတ်သည့် ဆီစားသုံးမှုပမာဏအရ လူတစ်ဦးအတွက် ဆီကို တစ်နှစ်တွင် ငါးပိဿာမှ ‌ခြောက်ပိဿာကြားသာ စားသုံးသင့်သော်လည်း မိမိတို့နိုင်ငံသားများအနေဖြင့် တစ်နှစ်တွင် ရှစ်ပိဿာကျော်အထိ စားသုံးနေသည့်အတွက် ပုံမှန်သုံးစွဲသင့်သည့် ပမာဏထက် များစွာကျော်လွန်သုံးစွဲနေသည်ကိုလည်း စစ်တမ်းများအရသိရကြောင်း၊ ဆီစားများခြင်းသည် ပြည်သူများ၏ ကျန်းမာရေးဆိုးကျိုးများကို ဖိတ်ခေါ်နေသည့်အပြင် ပြည်ပကစားအုန်းဆီတင်သွင်းရသည့်အတွက် နိုင်ငံခြားငွေအများအပြားသုံးနေရကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၅ ဒသမ ၅ သိန်းနှင့် ၂၀၂၅ ခုနှစ်တွင် ၆ ဒသမ ၄ သိန်း တင်သွင်းခဲ့ရကြောင်း၊ ထို့ကြောင့် ဆီစားနှုန်းလျှော့ချပြီး နိုင်ငံတော်၏လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အထူးအလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း’’ ဟူ၍လည်း နိုင်ငံတော်သမ္မတကပြောကြားခဲ့ရာ ဆီစား လျော့ကျရေးနည်းလမ်းစုံဖြင့် ပညာပေးမှုများ စဉ်ဆက်မပြတ်ပြုလုပ် သွားကြရမည်ဖြစ်သည်။

လူတစ်ဦးပုံမှန်စားသုံးသင့်သည့် ဆီပမာဏသည် တစ်ရက်လျှင် ၁ ဒသမ ၈ ကျပ်သားဖြစ်ပြီး တစ်လလျှင် ၅၄ ကျပ်သား ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံသားတစ်ဦး၏ ဆီစားသုံးသည့်နှုန်းမှာ ပျမ်းမျှခြင်းအားဖြင့် တစ်ရက်လျှင် ၂ ဒသမ ၂၅ ကျပ်သားဖြစ်ပြီး တစ်လလျှင် ၆၇ ဒသမ ၅ ကျပ်သားဖြစ်သည်။ စားသုံးဆီကို လိုသည်ထက်ပို၍စားသုံးခြင်းက သွေးတွင်းအဆီဓာတ်မြင့်မားခြင်း၊ အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ စသည့်နာတာရှည်ရောဂါများ ခံစားရနိုင်ပြီး ရုတ်တရက်နှလုံးရပ်ခြင်းနှင့် လေဖြတ်ခြင်းကဲ့သို့ ကျန်းမာရေးဆိုးကျိုးများစွာရှိနေရာ ဆီစားသုံးမှု လိုသည်ထက်ပိုနေပါက လျှော့ကြရမည်ဖြစ်သည်။

ဆီစားသုံးမှုလျော့နည်းစေရန် နေ့စဉ်ချက်ပြုတ်စားသောက်မှု နည်းလမ်းများတွင် ဆီသုံးစွဲမှုနည်းသည့် ချက်ပြုတ်နည်းများကို သုံးစွဲ ခြင်း၊ ချက်ပြုတ်စဉ် ဆီကိုတိုင်းတာ၍ထည့်ခြင်း၊ စားသောက်မှုပုံစံပြောင်း လဲခြင်း၊ ဆီသုံးစွဲမှုနည်းသည့်ဟင်းလျာများကို ပိုမိုစားသုံးခြင်း၊ ဆီကြော်စားစရာများ၊ အသင့်စားစရာများ၊ တိရစ္ဆာန်အဆီများ စားသုံးမှုရှောင် ကြဉ်ခြင်းအားဖြင့် ဆီစားသုံးမှုကိုလျှော့ချနိုင်သည်။ လူတစ်ဦးချင်းစီနှင့် မိသားစုတစ်စုချင်းစီတိုင်းက ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိတို့ဖြင့် ဆီစားသုံးမှုများပြားသည့်အလေ့အထကို ပြုပြင်လျှော့ချကာ စားသုံးဆီကို လိုသလောက်သာစားသုံးခြင်းဖြင့် ကျန်းမာခြင်းနှင့် ပြည့်စုံသည့်မိသားစုဘဝကို ပိုင်ဆိုင်နိုင်ကြမည်ဖြစ်သည့်အပြင် ပြည်ပမှစားအုန်းဆီတန်ချိန် သိန်းနှင့်ချီ၍ တင်သွင်းနေရခြင်းကိုလည်း လျော့ကျသွားစေမည်ဖြစ်သည့်အကြောင်း။ ။