နေပြည်တော် ဇန်နဝါရီ ၂၇
လူမှုဖူလုံရေးအဖွဲ့နှင့် ILO မှကိုယ်စားလှယ်များ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ သုတေသနပညာရှင်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံ၍ အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်လုပ်ငန်းစဉ်ဖြေလျှော့မှု စမ်းသပ်စီမံကိန်း တိုးချဲ့ဆောင် ရွက်ခြင်းဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက်က နေပြည်တော်ရှိ လူမှု ဖူလုံရေးအဖွဲ့ရုံးချုပ် စုဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ လူမှုဖူလုံရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက ယနေ့အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်မှာ အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ် လုပ်ငန်းစဉ်ဖြေလျှော့မှု စမ်းသပ်စီမံကိန်းကို စောင့်ကြည့်အကဲဖြတ်မှုများမှ တွေ့ရှိချက်များကို ရှင်းလင်း တင်ပြရန်၊ Pilot Scale up ပြုလုပ်နိုင်ရေး နည်းလမ်းများကို ဆွေးနွေးရန်၊ Scale up ဆောင်ရွက်ရာတွင် မိမိတို့အဖွဲ့အစည်း၏ အခန်းကဏ္ဍအလိုက် အကောင်းဆုံးဆောင်ရွက်နိုင်ရေးအတွက် အကြံပြုချက်များ ဆွေးနွေးရရှိရန်နှင့် ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သိရှိ ဆောင်ရွက်နိုင်ရန်တို့ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ILO မှ အကြီးတန်းနည်းပညာဆိုင်ရာ အရာရှိ Ms.Mariana Infante Villarroel က အလုပ်ရုံဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနုက အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်လုပ်ငန်းစဉ်ဖြေလျှော့မှု စမ်းသပ်စီမံကိန်းနှင့်စပ်လျဉ်း၍ ခြုံငုံသုံးသပ်ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ILO- Vision Zero Fund မှ အကြံပေးအရာရှိ ဒေါက်တာဇင်သွေးစီက စမ်းသပ်စီမံကိန်းနှင့် ပတ်သက်၍ စောင့်ကြည့်လေ့လာမှုများမှ တွေ့ရှိချက်များကို ရှင်းလင်းတင်ပြပြီး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက သိရှိလိုသည်များ မေးမြန်း ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
ထို့နောက် ILO- Vision Zero Fund အကြံပေးအရာရှိ Ms.Puja Dutta က အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ် လုပ်ငန်းစဉ်ဖြေလျှော့မှု စမ်းသပ်စီမံကိန်းတိုးချဲ့ ဆောင်ရွက်မည့် နည်းလမ်းများကို ရှင်းလင်းတင်ပြ၍ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက မေးခွန်းများမေးမြန်းခြင်း၊ ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ အုပ်စု လိုက်ဆွေးနွေးခြင်း၊ ILO အပါအဝင် သုံးပွင့်ဆိုင်မျက်နှာစုံညီ ဆွေးနွေးခြင်းနှင့် ILO-Vision Zero Fund၊ Ms.Mariana Infante Villarroel က ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြ ခြင်းတို့ ဆောင်ရွက်ကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက နိဂုံးချုပ်အမှာစကား ပြောကြား သည်။
သတင်းစဉ်