မန္တလေး ဇန်နဝါရီ ၂၇
တရုတ်နိုင်ငံ ဝူဟန်မြို့မှစ၍ ကူးစက်ပြန့်ပွားနေသည့် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က လက်ရှိတွင် မန္တလေးလေဆိပ်၌ ပြည်ပမှ ဝင်ရောက် လာသည့် ခရီးသွားများအား စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး လေကြောင်းသာမက ရေကြောင်း၊ ကုန်ကြောင်း စသည့် ဝင်/ထွက်ပေါက် များကိုပါ စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ ပူးပေါင်း၍ စနစ်တကျ ပြင်ဆင်ကာကွယ် တားဆီးမှုများကို မှန်မှန်ကန်ကန် အသိပေးလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ သံသယလူနာတွေ့ရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် အဖွဲ့အစည်းများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့နိုင်ရန် ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က တံတားဦးလေဆိပ်တွင် ဆိုက်ရောက်လာသည့် ခရီးသည်များအား ပြင်းထန်အဆုတ်ရောင်ရောဂါလက္ခဏာ ရှိ၊ မရှိ စောင့်ကြည့်စစ်ဆေးမှုနှင့် ကျန်းမာရေး အသိပညာပေး ဆောင်ရွက်ထားရှိမှုများ၊ သံသယလူနာ တွေ့ရှိပါက စမ်းသပ်စစ်ဆေးမှုပြုလုပ်ရန်လေဆိပ်တွင် သီးသန့်အခန်း ဖွဲ့စည်း၍ လိုအပ်သည့် ဆေးဝါးနှင့် ဆေးပစ္စည်းများကို ပြင်ဆင်ထားရှိမှုများနှင့် လူနာတွေ့ရှိပါကလည်း သီးသန့်သယ်ယူနိုင်ရေးအတွက် လေဆိပ်ထွက်ပေါက်တစ်ခု စီစဉ်ထားရှိပြီးဖြစ်ကြောင်းနှင့် အဆိုပါ လူနာများအတွက် မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီး၊ ခုတင် ၅၅၀ ဆံ့ဆေးရုံ၊ ခုတင် ၃၀ဝ သင်ကြားရေး ဆေးရုံနှင့် ဗဟိုအမျိုးသမီး ဆေးရုံကြီးများတွင် သီးသန့်လူနာခန်းများ၊ ထားရှိကုသရန် စီစဉ်ထားပြီး ပုဂ္ဂလိက ဆေးရုံကြီးများသို့လည်း ၎င်းလူနာများ ရောက်ရှိလာပါက ဆောင်ရွက်ရမည့် လုပ်ငန်းညွှန်ကြားချက်များကို ဖြန့်ဝေပေးထားပြီး ဖြစ်ကြောင်း တင်ပြခဲ့သည်။
ထို့ပြင် ဇန်နဝါရီ ၂၇ ရက်မှစ၍ မန္တလေး-တံတားဦးလေဆိပ်သို့ ရောက်ရှိလာသည့် ခရီးသွားများအား လေဆိပ်တွင်ထားရှိသည့် Health Declaration Form ဖြည့်သွင်းပြီးမှသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်သော ကြောင့် လေဆိပ်တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ဟိုတယ်ပိုင်ရှင်များနှင့် ဧည့်လမ်းညွှန်များမှ ပူးပေါင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများအတွက် ကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် မကြာမီ မန္တလေးမြို့သို့ ရောက်ရှိလာမည့် ဝူဟန်မြို့မှ မြန်မာကျောင်းသား ကျောင်းသူ ၆၀ ကို ၁၄ ရက်ကြာ ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုရန် ၆၂ လမ်းပေါ်ရှိ ယခင်ကူးစက်ရောဂါကုဆေးရုံကြီးဟောင်းတွင် ထားရှိရန်လျာထားသည့် အစီအစဉ်များနှင့် ပတ်သက်၍ လမ်းညွှန်ချက်ပေးနိုင်ရန် တင်ပြခဲ့သည်။
ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအသီးသီးမှ အဆိုပါရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု လုပ်ငန်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ ပူးပေါင်းပါဝင်သည့် Survey and Response Team ကို အမြန်ဆုံး ဖွဲ့စည်းရန်နှင့် လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)