ကုလသမဂ္ဂ၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က ချီလီနှင့်အီတလီတို့နှင့် မိတ်ဖက် ပူးပေါင်း၍ ပါရီသဘော တူညီချက် (၅) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အဖြစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပခဲ့သည့် climate Ambition Summit ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဗီဒီယိုဖြင့် မိန့်ခွန်းတစ်ရပ်ပြောကြားပြီး ရာသီဥတုပြောင်းလဲမှု ကို တုံ့ပြန်ဖြေရှင်းရေးအတွက် မြန်မာနိုင်ငံ၏ ကတိကဝတ်များကို ကြေညာ ခဲ့သည်။
ကမ္ဘာ့နိုင်ငံများသည် ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲဆိုးကျိုး များကို ယနေ့ကြုံတွေ့ နေရသည်။ ရာသီဥတုပြောင်းလဲခြင်းကြောင့် ကမ္ဘာ့အပူချိန်မှာ နှစ်စဉ်မြင့်တက်နေပြီး မိုးခေါင်ခြင်း၊ မြေအောက်ရေများ ခန်းခြောက်လာခြင်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များ တိမ်ကောပျောက်ကွယ် လာခြင်း၊ မြေဆီလွှာ ခန်းခြောက်လာခြင်းသာမက ရေကြီး၊ ရေလျှံဖြစ် စဉ်များ၊ ရေခဲတောင်များ အရည်ပျော်လာမှုများ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုများအပြင် မုန်တိုင်း၊ ငလျင်၊ တောမီး၊ မီးတောင်စသည့် သဘာဝဘေးအန္တရာယ် ဆိုးကျိုးများစွာတို့၏ ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့နေရသည်။
ယခုအခါ မမျှော်လင့်ဘဲကြုံတွေ့နေရသည့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်မြန်ရောဂါ ကိုဗစ်- ၁၉ ရောဂါကို တစ်ကမ္ဘာလုံးရင်ဆိုင်ကြုံ တွေ့နေရပြီး သဘာဝဘေးအန္တရာယ်များကိုလည်း နှစ်စဉ်နှစ်တိုင်း အမျိုးမျိုး ကြုံတွေ့နေရသည်။ ထိုကဲ့သို့ ကပ်ရောဂါဘေး၊ သဘာဝဘေး စသည့် ဘေးအမျိုးမျိုးတို့နှင့်ကြုံတွေ့နေကြရသောကြောင့် လူသားများ ထိခိုက်နစ်နာ ဆုံးရှုံးမှုများ မြင့်မား လာခဲ့သည်။ ဘေးအမျိုးမျိုးဖြစ်ပေါ်နေသောကြောင့် စားနပ်ရိက္ခာနှင့် ကုန်ထုတ်လုပ်မှုပုံစံများလည်း အနုတ်လက္ခဏာများအဖြစ် ပြောင်းလဲဖြစ်ပေါ်နေသည်။ ကပ်ဘေးအမျိုးမျိုးတို့သည် အစဉ်အမြဲ ရှိနေမည် ဖြစ်၍ မျက်မှောက်နှင့် အနာဂတ်ကာလတွင် နိုင်ငံများသည် ပတ်ဝန်းကျင်နှင့် ဆိုင်ရာတို့ကို သတိမူပြောင်းလဲဆောင်ရွက်ကြရမည်ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှု နောက်ဆက်တွဲဆိုးကျိုးများအား ဆိုးဆိုး ရွားရွားခံစားနေရသော ကမ္ဘာပေါ်ရှိ နိုင်ငံ ၁၀ နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံ လည်းပါဝင်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အစီအမံများရေးဆွဲပြီး ပါဝင်ဆောင်ရွက်နိုင်ရန် ရာသီဥတု ပြောင်းလဲမှုတုံ့ပြန်ဖြေရှင်းရေးနှင့် ပါရီသဘောတူညီချက် အကောင်အထည် ဖော်ရေးတို့အတွက် ကတိကဝတ်သစ်များ ကြေညာခဲ့သည်။
မြန်မာနိုင်ငံသည် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေးဆိုင်ရာ အစီအစဉ်အရ ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင် ပါဝင်မှုအချိုးကို ၃၉ ရာခိုင်နှုန်းတိုးမြှင့်ခြင်းနှင့် သစ်တောကဏ္ဍမှ ကာဗွန်အသားတင်ထုတ်လွှတ်မှုကို ၂၅ ရာခိုင်နှုန်း လျှော့ချခြင်းတို့မှတစ်ဆင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုပမာဏ တန်ချိန်ပေါင်း ၂၄၃ သန်းလျှော့ချရန် မျှော်မှန်းထားသည်။ ကာဗွန်စုပ်ယူမှုမြှင့်တင်ရေးအတွက် နိုင်ငံ ဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် တိုးမြှင့် သတ်မှတ်ရေးကို နိုင်ငံအဆင့် ရည်မှန်းချက်များ ချမှတ်ထားသည်။ ။
စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးအတွက် ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထား၍ လူနေအိမ်ရာများတွင် ၇ ဒသမ ၈ ရာခိုင်နှုန်း၊ စက်မှု ကဏ္ဍတွင် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ကုန်သွယ်စီးပွားကဏ္ဍတွင် ၄ ရာခိုင်နှုန်း နှင့် အခြားကဏ္ဍများတွင် ၁ ဒသမ ၃၆ ရာခိုင်နှုန်း တိုးမြှင့်ဖော်ဆောင်သွားရန် ရည်မှန်းထားပြီး ၂၀၂၁-၂၀၃၀ ကာလအတွင်း ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုတန်ချိန်ပေါင်း ၅ ဒသမ ၉၉ သန်းနီးပါး လျှော့ချနိုင်ရေးအတွက် ထင်းသုံးစွဲမှုလျော့နည်းသည့် စွမ်းအားမြှင့်မီးဖို ၅ ဒသမ ၁ သန်း ဖြန့်ဖြူး သွားရန် စီစဉ်ထားသည်။
မြန်မာနိုင်ငံသည် ထွန်းသစ်စနိုင်ငံအဖြစ် ကြိုးပမ်း ဆောင်ရွက် နေချိန်တွင် တစ်ကမ္ဘာလုံးနှင့်အတူ ကပ်ရောဂါဘေးကို ရင်ဆိုင်ကြုံတွေ့ ကျော်လွှားနေပြီး နှစ်စဉ်ကြုံတွေ့နေရသော သဘာဝဘေး အမျိုးမျိုးကိုလည်း ရင်ဆိုင်ကြုံတွေ့ကျော်လွှား နေရသည်။ သို့ဖြစ်ရာ အနာဂတ်ကာလတွင် လူသားများအား ဆိုးကျိုးများ ပိုမိုပေးလာနိုင်သည့် သဘာဝ ပြောင်းလဲ မှုဖြစ်စဉ်များကို ကျော်လွှားနိုင်ရန်အတွက် နိုင်ငံတော်မှ လျာထားသည့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ အစီအမံများ အောင်မြင်ထမြောက်အောင် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြဖို့ တိုက်တွန်းအပ်ပါသည်။ ။