နေပြည်တော် ၂၈ ဇန်နဝါရီ
လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ ဗဟိုကော်မတီညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာနမှ ဦးစားပေးဆောင်ရွက်လျက်ရှိသော လူနာဘေးကင်း လုံခြုံမှု (patient safety)ကိစ္စရပ်များအတွက် လုပ်ငန်းမဟာဗျူဟာများ၊ လုပ်ငန်းမူဘောင်နှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရန်အတွက် ယခုအစည်းအဝေးသည် အရေးကြီးပါကြောင်း။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ လူနာဘေးကင်းလုံခြုံမှု ကိစ္စရပ်လုပ်ငန်းများ၏ အရေးကြီးမှုကို အဖွဲ့ဝင်နိုင်ငံများ အလေးအနက်ထား ဆောင်ရွက်နိုင်ရန်အတွက် (၂၀၁၉) ခုနှစ်၊ မေလတွင် ပြုလုပ်ခဲ့သော ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် WHA (72.6)ဖြင့် သန္နိဋ္ဌာန်ချက်ကို အတည်ပြုခဲ့ပါကြောင်း။
ကမ္ဘာ့နိုင်ငံအသီးသီးမှ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးများ တက်ရောက်သည့် လူနာဘေး ကင်းလုံခြုံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးများကိုလည်း ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၂)ကြိမ်ကျင်းပခဲ့ပြီး အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ဆွေးနွေးအကြံပြုချက် (၂၀)ကိုလည်း ဦးစားပေး အဆင့်များ သတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
ယခုဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး လုပ်ငန်းကော်မတီများလည်း ဆက်လက်ဖွဲ့စည်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ ကိစ္စရပ်များသည် ကြီးမားကျယ်ပြန့်ပြီး လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ ရောဂါရှာဖွေစမ်းသပ်ခြင်း၊ ဓာတ်ခွဲ၊ ဓာတ်မှန်စမ်းသပ်ခြင်း၊ ကုသမှုပေးခြင်းတို့မှ သက်သာပျောက်ကင်းသည် အထိပါဝင်ပါကြောင်း။
လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ ကိစ္စရပ်များကို ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ ဆေးဝါးတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များ၊ သူနာပြုနှင့်သားဖွား သင်တန်းကျောင်းများတို့၏ ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများတွင် ထည့်သွင်းသင်ကြားသွားရမည် ဖြစ်ပါကြောင်း။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ဝေထားသော လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ စာအုပ်များတွင် ပါဝင်သော အချက်အလက်များကိုလည်း မိမိတို့နိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့် ကိုက်ညီစွာ မွမ်းမံ၍ အသုံးချဆောင်ရွက်စေလိုပါကြောင်း၊ လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများကိုလည်း ပြုစုခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းများ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနရှိ ဆေးရုံများ၊ ဓာတ်ခွဲခန်းများ၊ သွေးလှူဘဏ်များ စသည်တို့တွင် လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ လက်ရှိအခြေအနေများကို အသုံးချသုတေသနပုံစံ ပြုလုပ်ဆန်းစစ်ကာ ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ၊ ကုသမှုနည်းစနစ်များ ပိုမိုတိုးတက်လာပြောင်းလဲလာသည်နှင့် အညီလူနာ ဘေးကင်းလုံခြုံမှု ကိစ္စရပ်များသည်လည်း ပြောင်းလဲလာပါကြောင်း။
လူနာဘေးကင်းလုံခြုံရေး ကိစ္စရပ်လုပ်ငန်းများ ဆောင်ရွက်သည့်အခါ မြန်မာနိုင်ငံ ဆရာဝန်အသင်းရှိ ဆေးပညာဘာသာရပ်အဖွဲ့များ၊ ဆေးနှင့်ဆေးနှီးနွှယ် အဖွဲ့အစည်းများအားလုံးတို့နှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ ဗဟိုကော်မတီ၏ လက်ရှိဆောင်ရွက်ထားရှိမှုများ၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး) ဒေါက်တာတင်ထွန်းက ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ် သင်ရိုးညွှန်းတမ်းများအတွက် လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ သင်ရိုးများရေးဆွဲနေမှုအခြေအနေ၊ အမျိုးသားသွေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာအောင်က သွေးသွင်းကုသမှု လုံခြုံစိတ်ချရေးကိစ္စရပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ချစ်က ဆေးဝါးများ ဘေးအန္တရာယ်ကင်းစွာ သုံးစွဲရရှိနိုင်စေရေး စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ဗဟိုကော်မတီဝင်များက ဆွေးနွေးအကြံပြုမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်