ဘိန်းကိုဘိန်းပင်၏ အသီးမှခြစ်ယူရရှိပြီး ဘီစီ ၅၀၀၀ ခန့်က မြေထဲပင်လယ်ဒေသတွင် အစားအစာ၊ ဆေးဝါးနှင့်အခမ်းအနားများတွင်အသုံးပြုခဲ့ကြောင်း ရှေးဟောင်းဂရိစာပေမှတ်တမ်းများအရတွေ့ရှိရပါသည်။ ဘီစီ ၃၄၀၀ ခန့်က အရှေ့အလယ်ပိုင်းရှိ ယူဖရေးတီးနှင့် တီဂရစ်မြစ်အကြား မက်ဆိုပိုတေးမီးယားဒေသ ယခုခေတ် (အီရန်-အီရတ်-ဆီးရီးယား) ရှိ ဆူမေးရီးယန်းလူမျိုး (Sumerians) များက ဘိန်းပင် (Poppy) ကို အစောဆုံး စိုက်ပျိုးခဲ့ပြီး ဆူမေးရီးယန်းများက ပျော်ရွှင်မှုအပင် (Hul-gai) ဟုခေါ်ဆိုကြပါသည်။ “ဘိန်း” ဆိုသည့်ဝေါဟာရမှာ မြန်မာမူရင်းစကားလုံးမဟုတ်ပါ။ ဘိန်းကို ဥရောပအလယ်ပိုင်းနှင့် အာရှမိုင်းနားဒေသတွင် “အိဖွန်” ဟုခေါ်ဆို၍ ပါဠိဘာသာဖြင့် “အိဟိဖန” (Ahiphena)၊ သက္ကတ-သင်္သကရိုက် (Sanskrit) ဘာသာဖြင့် “အဖေန”၊ အိန္ဒိယဘာသာစကားဖြင့် “အဖိန်း” ဟု ခေါ်ဆိုရာမှ မွန်-မြန်မာဘာသာဖြင့် “ဘိန်း” ဟုခေါ်ဆိုခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။