မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် အင်းဝမြို့ဟောင်း မီးသွေးတိုက်ကျေးရွာရှိ တောင်သူ ဦးခင်မောင်ရင်၏ ၁ ဒသမ ၆၁ ဧကရှိ လယ်မြေတွင် လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးသည့် အခမ်းအနားကို စက်မှုလယ်ယာဦးစီးဌာနမှ ဦးဆောင်၍ ၁၁.၃.၂၀၂၄ ရက်နေ့က ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် တက်ရောက်ကြည့်ရှု စစ်ဆေးသည်။ ဤသို့ဆောင်ရွက်ချက်သည် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲနိုင်ရေးအတွက် ဆောင်ရွက်ချက်တစ်ရပ်ဖြစ်ပါသည်။ အခမ်းအနားကျင်းပသည့် လယ်မြေနှင့် ဆက်စပ်လျက်ရှိသော ကန်တော်ကြီးအင်းသည် မိုးတွင်းကာလ ရေပြင်ကျယ်ကြီးအဖြစ်မှ ယခုအချိန်တွင် ဆောင်းသီးနှံပဲမျိုးစုံနှင့် နွေစပါးစိုက်ခင်းများအဖြစ်သို့ ပြောင်းလဲ၍ စိမ်းစိုလှပနေသည်ကို တွေ့ရသည်။