ယနေ့ကမ္ဘာကြီးတွင် Artificial Intelligence (AI) ခေါ် ဉာဏ်ရည်တုနည်းပညာသည် အရှိန်အဟုန်မြင့်မားစွာဖြင့် တိုးတက်နေပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လုံခြုံရေး၊ ဖျော်ဖြေရေး၊ လူမှုဘဝနေထိုင်ရေး စသည့်နယ်ပယ်ကဏ္ဍများတွင် ပုံစံမျိုးစုံဖြင့် စိမ့်ဝင်ရောက်ရှိနေပြီ ဖြစ်ပါသည်။ AI နည်းပညာသည် အသွားနှစ်ဖက်ရှိသော ဓားတစ်လက်နှင့် တူလှပေသည်။ AI သည် လက်ရှိတွင် အဆင့်အမြင့်ဆုံး နည်းပညာရပ်တစ်ခုဖြစ်ပြီး လူသားတို့၏ဘဝကို တိုးတက်ကောင်းမွန်အောင် ဖန်တီးပေးနိုင်စွမ်းရှိသော်လည်း AI နည်းပညာကို အလွဲသုံးစွဲခြင်းကြောင့် လူသားများအပေါ် ထိခိုက်နစ်နာဆုံးရှုံးမှုများ ကျရောက်လာနိုင်ပါသည်။ လူသားတိုင်းသည် စားသုံးသူများဖြစ်သည့်အတွက် လူသားအားလုံးအတွက် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်နစ်နာ ဆုံးရှုံးမှုများသည် စားသုံးသူများ၏ ထိခိုက်နစ်နာဆုံးရှုံးမှုပင်ဖြစ်ပါသည်။ ထို့ကြောင့် AI နည်းပညာကို ဖန်တီးတီထွင်ဆောင်ရွက်သူများအနေဖြင့်လည်း စားသုံးသူများအားအကျိုးပြုမည့်မျှတမှုရှိပြီး တာဝန်ယူမှုရှိသော AI နည်းပညာများ ဖန်တီးအသုံးပြုရေးမှာလည်း အရေးကြီးသော အခန်းကဏ္ဍအဖြစ် ပါဝင်လျက်ရှိပါသည်။