ယခုနှစ်နွေဦးကာလသို့ရောက်ရှိလာခဲ့ပြီ။ နေ၏အပူရှိန်ကား ပြင်းလှ၏။ တောတောင်တို့တွင် ရိုးတံပြိုင်းပြိုင်းနှင့်အပင်တို့က စိမ်းလန်းမှုကို မပြနိုင်တော့။ ပုံမှန်ထက် ဆိုးရွားသည်က ယခုနှစ်မှာ ကမ္ဘာကြီးက စံချိန်တင်ပူနွေးခဲ့သည့် ၂၀၂၃ ခုနှစ်ထက်မလျော့ဘဲ ပိုမိုပူပြင်းလာနိုင်ဖို့ ရှိနေကြောင်း ကုလသမဂ္ဂက ကြေညာထားသည်။ အပူချိန်မြင့်တက်လာသည်နှင့်အမျှ စိုးရိမ်စရာကား ရေလုံလောက်စွာရရှိရေးပင်ဖြစ်သည်။ နိုင်ငံအချို့တွင် ရေကြောင့် စစ်ပွဲများဖြစ်သည်အထိ တိုက်ခိုက်ယူကြရသည်။ ကံကောင်းထောက်မ၍ မိမိတို့နိုင်ငံက သောက်သုံးရေပြတ်လပ်သည့် နိုင်ငံမျိုးတော့မဟုတ်။ သို့သော်နေရာဒေသအချို့တွင် နွေရောက်တိုင်း ရေပြတ်လပ်မှုနှင့် ကြုံနေရဆဲ။