နှစ်သစ်ဆုမွန်နှင့်အတူ စိတ်ထားကောင်း၍ စိတ်ကောင်းထားကာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ် ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းရောက်ရှိခဲ့ပြန်ပါပြီ။ နှစ်ဟောင်းက အညစ်အကြေးအဟောင်းများကို သင်္ကြန်ရေဖြင့် ပက်ဖျန်းဆေးကြော၍ အသစ်တို့တစ်ဖန် မွေးဖွားရန် တာစူနေသော အခါသမယလည်း ဖြစ်ပေသည်။ နှစ်ဟောင်းသည် သာမန်ထက်ပိုသည့် စိတ်လှုပ်ရှားမှုများ၊ ဖိစီးမှုများ၊ အခက်အခဲများ၊ သောကအပူများနှင့် ကျန်ခဲ့ပေပြီ။ အဟောင်းကိုချန်၍ အသစ်ကို မျှော်ကြရပေဦးမည်။ သင်ခန်းစာယူသင့်သည်ကိုယူ၍ အတွေ့အကြုံကိုမျှဝေကာ လိုရာခရီးကို ဆက်ကြရပေဦးမည်။
