စည်းလုံးစေတာ မြန်မာ့အသံ
မြန်မာ့အသံနှင့် မိမိသည် မွေးသက္ကရာဇ်ချင်း တူညီကြ၏။ ထို့ကြောင့် အသက်ချင်းလည်း တူညီကြသည်။ မိမိ အသက် ၇၅ နှစ်ရှိလာချိန်တွင် မြန်မာ့အသံကလည်း စိန်ရတုနှစ်သို့ ရောက်ပြီဖြစ်၏။ မိမိတို့ ငယ်ငယ်တုန်းက အိမ်တွင် နေ့စဉ်နားထောင်ခဲ့ရသည်ကတော့ ရေဒီယို ဖြစ်သည်။ အခြားဖျော်ဖြေမှုပစ္စည်းဟူ၍ ဓာတ်စက် တစ်လုံးရှိသော်လည်း တစ်ပတ်လျှင် တစ်ကြိမ်လောက် သာနားထောင်ဖြစ်ကြ၏။ ရေဒီယိုသံကို နေ့စဉ်ကြားနေရသော်လည်း ထိုအသံ ဘယ်ကလာမှန်းမသိခဲ့ရ။ အလယ် တန်းကျောင်းသားဘဝဖြင့် ရန်ကုန်၌ ကျောင်းလာနေသည့် အခါတွင်မှ ရေဒီယိုအသံ၏ မူလဇာစ်မြစ်နေရာကို သိရှိရတော့၏။ အသံလွှင့်ရုံဆိုသော အဆောက်အအုံကြီးကိုလည်း အပြင်ဘက်မှ စတင်မြင်ဖူးခဲ့ရ၏။
