အနုပညာသည် အနုပညာဟုခေါ်တွင်သော်လည်း စစ်မက်ရေး၊ အမျိုးသားရေးနှင့် လွတ်လပ်ရေးတို့တွင်လည်း အရေးပါသောအခန်းကဏ္ဍက ပါဝင်ခဲ့သည်။ ခံစားမှု၊ စိတ်ကူးနှင့် လောကဝန်းကျင်တို့ ပေါင်းဖွဲ့၍ ဖန်တီးရသော အနုပညာစွမ်းအားသည် မြန်မာ့လွတ်လပ်ရေးတွင်လည်း အဓိကကျခဲ့ပါသည်။ ကိုလိုနီခေတ် ဂီတစာဆိုများ၊ လွတ်လပ်ရေး ရရှိ ရန် ကြိုးပမ်းစဉ် ခေတ်တေးပြုစာဆိုများ၏ ဇာတိမာန်တေးများသည် ပြောင်မြောက်လှပါသည်။ အဘယ်ကြောင့်ဤမျှ ထက်မြက်ခဲ့ရသနည်း။ ဤမျှ ပြောင်မြောက်ခဲ့ရသနည်းဆိုသော် ခံစားမှုကြောင့် ဖြစ်ပါသည်။ အမျိုးချစ်သည့် ခံစားမှုက အနုပညာလက်ရာကောင်းများကို ပေါ်ထွက်စေခဲ့ပါသည်။