အမျိုးသားကျောင်းများနှင့် မြန်မာစာပေ
မူမှန်သော အမျိုးသားရေးစိတ်ဓာတ်အကြောင်းကို တင်ပြရာ၌ လယ်တီပဏ္ဍိတ ဦးမောင်ကြီးက တစ်မျိုးသားလုံးကို တစ်ယောက် တည်း ကဲ့သို့ သဘောထားရမည်ဟု အစပျိုးပြီးလျှင် သူ၏အဆိုထင်ရှားသိသာစေရန် “အမျိုးသားတစ်ဦးတစ်ယောက်ချင်း ကြီးပွားသည်ကို တွေ့မြင် ကြားသိရသောအခါ ကိုယ့်အိမ်ပေါ်မှာ ချမ်းသာထုပ်ကြီး တက်ရောက်လာဘိသကဲ့သို့ပင် ထင်မြင်၍ မုဒိတာဖြစ်နိုင်ခြင်း၊ အမျိုးသားတစ်ဦး တစ်ယောက်မှာ ဆင်းရဲဒုက္ခကြုံတွေ့နေသည်ကို ကြားသိတွေ့မြင်ရသောအခါ မိမိတို့အိမ်ပေါ်မှာ ဆင်းရဲအိုးကြီး ကွဲလေဘိသကဲ့သို့လည်းကောင်း၊ ဤကဲ့သို့ မှတ်ထင်နိုင်ကြသောအခါမှ အမျိုးသားကို ချစ်ခြင်းမေတ္တာသည် မှန်ကန်စွာဖြစ်ပေါ်သည်ဟူ၍ ဆိုသင့်လေသည်” ဟု ထိထိမိမိ ရေးသားတင်ပြခဲ့သည်။
