တက္ကသိုလ်ကျောင်းက ငွေလမင်းသီချင်းသည် မြကျွန်းညိုရဲ့ ရင်ခွင်တွင် ကြီးပြင်းခဲ့ရသူတို့၏ နှလုံးသား ကို လှုပ်ခါစေသည်။ သြော်.........ကျွန်ုပ်တို့၏ တက္ကသီလာ (ဝါ) မြကျွန်းညိုသည် ရာပြည့်သို့ပင် တိုင်ခဲ့လေပြီ။ ထို သီချင်းသံသည် ရာပြည့်သဘင်ကျင်းပရာ ဘွဲ့နှင်းသဘင် ခန်းမဆီမှ ဖြစ်လေမည်။ ထိုသီချင်းထဲကအတိုင်း စာရေးသူ မိမိသည် မုံရွာဆိုသည့်နယ်မြို့မှ အမိရန်ကုန် တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ယူလာခဲ့သည်မှာ လေးနှစ်တိုင်ပြီ ဖြစ်သည်။ တစ်မြို့ဆီ တစ်နယ်ဆီက သူငယ်ချင်းပေါင်းစုံနှင့် မိတ်ဆွေအပေါင်း အသင်းဖြစ်ခဲ့ပါသော်လည်း စိတ်အနေမပြောင်းခဲ့ပါလေ။ သို့သော် အမိတက္ကသိုလ်တွင် အမှတ်တရများစွာနှင့် ပျော်ရွှင်ဖွယ်အတိဖြစ်ခဲ့သည်။ ထိုအထဲမှ စာရေးသူ တက္ကသိုလ်ရောက်စဉ်ကတည်းက ပါဝင်လှုပ်ရှားခဲ့သည့် ရန်ကုန်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲသည် အမှတ်တရအများအပြားနှင့် ဒုတိယမိသားစုကဲ့သို့ပင် ဖြစ်သည်။