ရန်ကုန်တက္ကသိုလ်၏ သုတ၊ ရသစာပေ အစဉ်အလာ
ရန်ကုန်တက္ကသိုလ်သည် သုတ၊ ရသ စာကောင်းပေမွန်များ အစဉ်အဆက်ပေါ်ထွန်းရာ ‘ရေခံမြေခံကောင်း’ ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ်မှာ သင်ကြားပို့ချသော ပညာရှင်ဆရာ ဆရာမများသည် ပညာရပ်ဂျာနယ် စာစောင်များတွင် ပညာရပ်အမျိုးမျိုးကို စာတမ်းများ၊ ဆောင်းပါးများဖြင့် ဖြန့်ဝေသကဲ့သို့ ရန်ကုန်တက္ကသိုလ်မှာ ပညာဆည်းပူးသော ကျောင်းသား ကျောင်းသူများထဲမှ စာပေဝါသနာရှင်များသည် တက္ကသိုလ်မဂ္ဂဇင်း စာစောင်များတွင် ဝတ္ထု၊ ဆောင်းပါး၊ ကဗျာများ ရေးသားကြသည်။ ဤအစဉ်အလာသည် အမိတက္ကသိုလ်ကြီး၏ နှစ်တစ်ရာသက်တမ်းကာလအထိ ရှင်သန်ဖွံ့ဖြိုးနေဆဲဖြစ်သည်။
