ဦးဖေမောင်တင်သည် မြန်မာတွင်သာမက ကမ္ဘာတွင်ပါ ကျော်ကြားသော ပညာရှင်တစ်ဦးဖြစ်သည်။ မြန်မာလူမျိုးများထဲမှ ပထမဆုံးသော အသက်အငယ်ဆုံးပါမောက္ခ ဖြစ်သည်။ ပါမောက္ခ ဖြစ်ချိန်တွင် ဆရာကြီး၏ အသက်မှာ ၂၄ နှစ်သာရှိသေးသည်။ ထို့ပြင် ပထမဆုံးသော မြန်မာလူမျိုး တက္ကသိုလ်ကျောင်းအုပ်ကြီးတစ်ဦးလည်းဖြစ်သည်။ ပါဠိပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိနေစဉ်မှာပင် မြန်မာစာအထူးပြုဘာသာရပ်ကို စတင်တည်ထောင်ကာ မြန်မာစာပေပြန့်ပွားထွန်းကားရေးကို အဓိက ဦးစားပေးဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။