“သမိုင်းအစဉ်အလာကြီးသည့်ရန်ကုန်တက္ကသိုလ်”
ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အနေဖြင့် ကြေးမုံသတင်းစာအထူးကဏ္ဍတွင် ကျောင်းသား ကျောင်းသူ ဟောင်းများက ဆောင်းပါးပေါင်းစုံရေးသားကြရာ အားပါတရ တဝကြီးဖတ်ရသဖြင့် များစွာဝမ်းသာ ကျေးဇူးတင်မိပါသည်။ ရသစုံခံစားရပါသည်။ ရန်ကုန် တက္ကသိုလ်၏ သမိုင်း၊ မြကျွန်းညိုတက္ကသိုလ်၏ အလှ၊ ပျော်ရွှင်ဖွယ်ရာ၊ လွမ်းဆွတ်ဖွယ်ရာ အဖြစ်အပျက်များကို ပြန်ပြောင်းသတိရမိပါသည်။ ပြန်မရနိုင်သော အချိန်အခါ များဖြစ်သည်မို့ မြတ်နိုးစွာ တန်ဖိုးထားမိပါသည်။
