ဂုဏ်ပြုကြိုဆို အမိရာပြည့် ရန်ကုန်တက္ကသိုလ်
မြန်မာ့ပညာရေး၏ မီးရှူးတန်ဆောင်ဖြစ်သော၊ မြန်မာပြည်သူပြည်သားအပေါင်း၏ နှလုံးသည်းပွတ်ဖြစ်သော၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ပေါင်းစုံ၏ မိခင်ကြီးသဖွယ်ဖြစ်သော ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် မွေးဖွားခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ်ပေါင်း ၁၀၀ တိတိ ပြည့်မြောက်ပြီ ဖြစ်ပါသည်။ သမိုင်းအစဉ်အလာကြီးမားစွာဖြင့် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားခဲ့ရသော၊ သားကောင်းရတနာ လူချွန်လူကောင်းများစွာကို မွေးဖွားပေးခဲ့သော ကမ္ဘာ့အလယ်တွင် မြန်မာ့ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် ဝင့်ထည်စေခဲ့သော အမိရန်ကုန်တက္ကသိုလ် ကြီး၏သက်တမ်း ၁ဝဝပြည့်မြောက်သည့် ရာပြည့်မွေးနေ့ အခါသမယကို ကျွန်တော်တို့အားလုံး ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြိုဆိုကြရမည် ဖြစ်ပါသည်။
