ပုဂံဒေသရှိ ရှေးဟောင်းရေအရင်းအမြစ်ဆိုင်ရာ ရေကန်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းကြပါစို့
ပုဂံဒေသသည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင်တည်ရှိပြီး ရွှေစည်းခုံဘုရား၊ လောကနန္ဒာဘုရား၊ တုရင်တောင်ဘုရား၊ တန့်ကြည့်တောင်ဘုရား စွယ်တော်လေးဆူအတွင်းတွင် ရှေးဟောင်းဘုရားစေတီပေါင်း သုံးထောင်ကျော် တစုတဝေးတည်း တည်ရှိနေသည့် မြန်မာတို့၏အသည်းနှလုံးသဖွယ် ဖြစ်တည်နေသော ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုဖြစ်ပေသည်။ အေဒီ (၁၁)ရာစုမှ အေဒီ (၁၃)ရာစုအထိ ထွန်းကားခဲ့သော ပုဂံခေတ်၏ ဗိသုကာလက်ရာများ၊ နံရံဆေးရေးပန်းချီများ၊ အင်္ဂတေပန်းစသည့် အနုပညာဖန်တီးမှု စိတ်ကူးစိတ်သန်းတီထွင်မှုများသည် လာရောက်လေ့လာကြည့်ရှုကြသည့် ဧည့်သည်တို့၏ရင်ထဲတွင် အံ့မခန်းရင်သပ်ရှုမောဖွယ် ထင်ကျန်ရစ်ခဲ့ကြစမြဲပင်ဖြစ်ပါသည်။ ပုဂံခေတ်မတိုင်မီက ထွန်းကားခဲ့သော ပျူခေတ်ဗိသုကာလက်ရာများ၊ မွန်အနုပညာလက်ရာများ၊ သီဟိုဠ်နှင့် အိန္ဒိယတို့မှ အနုပညာလက်ရာတို့ကို လေ့လာပြီး ပုဂံခေတ်ဗိသုကာအနုပညာလက်ရာကို ကိုယ်ပိုင်တီထွင်ပုံဖော်နိုင်ခဲ့ကြပေသည်။ ထို့ကြောင့်လည်း ပုဂံဒေသသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ UNESCO ၏ (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာခဲ့ပါသည်။
