အဂတိပယ်ခွာ ပြည်သာယာ
အဂတိလိုက်စားမှုသည် နိုင်ငံတိုင်း၏ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးနှင့် လူမှုယဉ်ကျေးမှုစနစ်များ ယိုယွင်းပျက်စီးစေနိုင်သည်ကို သတိပြုမိ၍ နိုင်ငံတိုင်းက အလေးထားတိုက်ဖျက်လာကြသည့် သတင်းများကို သတင်းစာမျက်နှာများတွင် နေ့စဉ်ဖတ်ရှုနေကြရသည်မှာ အားတက်ဖွယ် ပင်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းဖြစ်သည့် ကုလသမဂ္ဂအဂတိ လိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့အထိ အဖွဲ့ဝင်နိုင်ငံ ၁၉၀ နိုင်ငံအထိရှိလာပြီဖြစ်သဖြင့် အဂတိလိုက်စားမှုကို ကမ္ဘာ့နိုင်ငံတိုင်းလိုလိုက ပူးပေါင်းတိုက်ဖျက်နေကြသည်ကို အခိုင်အမာသက်သေပြနေသည်။
