ယနေ့သည် ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဗမာ့အသံ (Burma Broadcasting Service - BBS) အမည်ဖြင့် စတင်ခဲ့သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏(၇၅)နှစ်မြောက် စိန်ရတုနေ့ ဖြစ်ပါသည်။ လူ့ဘဝသက်တမ်းနှင့် ပြန်လည်ဆန်းစစ်ကြည့်ပါက ၇၅ နှစ်ဆိုသော အရွယ်သည် ဆယ်စုနှစ်ပေါင်း များစွာကို ဖြတ်ကျော်ကာ အခက်အခဲ၊ စိန်ခေါ်မှု၊ ပြောင်းလဲ တိုးတက်မှု စသည့်အတွေ့အကြုံ ဗဟုသုတများစွာ ကြွယ်ဝနေပြီဖြစ်ပါသည်။
“ပြန်ကြားပေးရန်၊ ပညာပေးရန်နှင့် ဖျော်ဖြေပေးရန်” ဟူသော ဆောင်ပုဒ်ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားပြည်သူလူထု၊ ပြည်ပနိုင်ငံများသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့် အခြားပရိသတ်များအတွက် အသိပညာ ဗဟုသုတ၊ အကြားအမြင်နှင့် သတင်းတို့ကို ခေတ်အဆက်ဆက်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအကြား၌သာမက ကမ္ဘာ့နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နှလုံး၌ အမြဲတည်ရှိနေမည်ဖြစ်ပါသည်။
မြန်မာ့အသံလွှင့်လုပ်ငန်းများကို ၁၉၃၆-၁၉၃၇ ခုနှစ်တွင် စတင်စမ်းသပ် အသံလွှင့်ခဲ့သည် ဆိုသော်လည်း လွတ်လပ်သော အမျိုးသားအသံလွှင့်ဌာနတစ်ခု မဟုတ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ၁၉၄၅ ခုနှစ်၊ မတ်လဆန်း၌ မူရန်ကုန်မြို့၌ မြန်မာ့တော်လှန်ရေး တပ်မတော် အသံလွှင့်ဌာန ထူထောင်ကာလွတ်လပ်သော အမျိုးသားအသံလွှင့်ဌာနတစ်ခုကို အစပျိုးခဲ့ပါသည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ခေတ်အဆက်ဆက်တွင် အမျိုးမျိုးသော စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားကာ ခေတ်မီနည်းပညာများကို အသုံးပြုပြီး ကမ္ဘာနှင့်အညီ ရင်ပေါင်တန်း နိုင်ရေး ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းများကို ဆန်းသစ်သော အမြင်သစ်၊ အသွင်သဏ္ဍာန်သစ်များဖြင့် ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံ အသံလွှင့် လုပ်ငန်း “ရန်ကုန်ရေဒီယို” (Rangoon Radio)ကို “ဗမာ့အသံ”(Burma Broadcasting Service - BBS) ဟူ၍ပြောင်းလဲခေါ်တွင်လာခဲ့ချိန်မှစ၍ ပြည်သူလူထုအတွက် အစီအစဉ်ကဏ္ဍအသစ်များကို တီထွင်ထုတ်လွှင့်ခဲ့ပါသည်။ ဝင်ဒါမီယာ “ဗမာ့အသံ” အိမ်စောင့်အစိုးရလက်ထက်တွင် ပြည်လမ်းအသံလွှင့်ရုံသစ်ကြီးကို ပြောင်းရွှေ့ ထုတ်လွှင့်ခဲ့သည့် “မြန်မာ့အသံ"၊ တော်လှန်ရေးအစိုးရခေတ်နှင့် လမ်းစဉ်ပါတီ ခေတ်များတွင် “မြန်မအသံ”နှင့် ၁၉၇၂ ခုနှစ်တွင် “ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာန” တပ်မတော်အစိုးရခေတ် ၁၉၉၁ ခုနှစ်တွင် “မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာန” ၁၉၉၇ ခုနှစ်တွင် “မြန်မာ့အသံနှင့် ရုပ်မြင်သံကြား” အမည်များဖြင့် ပြည်သူအတွက် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန် ရည်ရွယ်ချက်များဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
မြန်မအသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် အခါသမယတွင်လည်း စိန်ရတုအထိမ်းအမှတ် ဂုဏ်ပြု အစီအစဉ်ပြုလုပ်ပြီး MRTV ၏အောင်မြင်မှုများကို မှတ်တမ်းတင် ဂုဏ်ပြုတင်ဆက်ခဲ့ပါသည်။ MRTV၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အဖြစ် မြန်မာ့အသံရေဒီယိုကလည်း "Myanmar Radio” အမည်ဖြင့် အင်္ဂလိပ်ဘာသာသီးသန့် FM Channel အသစ်တစ်ခုကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ကနဦးနားဆင်နိုင်ရန်ဆောင်ရွက်ခဲ့ပြီး MRTV ရုပ်သံလိုင်းအစီအစဉ်တွင်လည်း အင်္ဂလိပ်ဘာသာဖြင့် သတင်းအစီအစဉ်ကို စတင်ထည့်သွင်း ထုတ်လွှင့်သွားတော့မည်ဖြစ်ပါသည်။
ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်၌လည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြည်သူလူထုသို့ ရည်ရွယ်ချက်များအတိုင်း အရှိန်အဟုန်မပျက် အောင်မြင်စွာ ဆက်လက် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါသည်။ ထို့အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့အနေဖြင့်လည်း ပြည်သူ့ဆက်ဆံရေးတာဝန်၊ ပြန်ကြားရေးတာဝန်များနှင့် မီဒီယာလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် (၇၅)နှစ်မြောက် စိန်ရတုနေ့မှသည် နိုင်ငံတော်အတွက် ထာဝရရှိနေမည့် နိုင်ငံတော်က အားထားရသော၊ ပြည်သူကအားကိုးရာ စတုတ္ထမဏ္ဍိုင် ဖြစ်ပါစေကြောင်း သဝဏ်လွှာပါး အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်