နေပြည်တော် ဖေဖော်ဝါရီ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
ညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင် နှင့် စောဒန်နီယယ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးအတွက် တာဝန်ရှိသူများအနေဖြင့် ညင်ညင်သာသာဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ တာဝန်ယူချိန်မှစပြီး ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို မပြောင်းလဲကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့နှင့်စပ်လျဉ်း၍ မူဝါဒများပြောင်းလဲခြင်း မရှိကြောင်း၊ ပကတိအခြေအနေများသည် ရွေးကောက်ပွဲ မဲစာရင်းများမှားယွင်းမှုကြောင့် ဖြစ်ပေါ် လာခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် တို့တွင် အရပ်ဘက်မှ အများကြည်ညိုလေးစားသည့် ပုဂ္ဂိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိအနေဖြင့် အရပ်ဘက်အုပ်ချုပ်ရေးကို အလေးထားကြောင်း။
ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုများကို ရွေးကောက်ပွဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အရေးပေါ်ကာလပြီးဆုံးသွားပါက စည်းကမ်း ပြည့်၀ပြီး အနှစ်သာရရှိသည့် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးသွားမည် ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူသည့် အရေးပေါ်ကာလအတွင်း ပြည်သူလူထု၏ စားဝတ်နေရေးနှင့် အေးချမ်းတည်ငြိမ်ရေးကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အတူ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးစားပေးလုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အေးချမ်းတည်ငြိမ်မှုရှိမှ တစ်ဦးချင်း၏ အကျိုးစီးပွားကို ဖော်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း။
အဓိကအားဖြင့် COVID-19 ကာလတွင် ထိခိုက်ခဲ့သည့် စီးပွားရေးကို ပြန်လည် တည့်မတ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုအား COVID-19 ကာကွယ် ဆေးထိုးနှံရေးလုပ်ငန်းများကို ရပ်ဆိုင်းထား၍မရကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူလူထုအား COVID-19 ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ CDM လှုပ်ရှားမှု စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူလူထုကျန်းမာရေး အတွက် ပြည်သူ့ဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးရမည့်လုပ်ငန်းတာဝန်ကို မထမ်းဆောင်မှုများသည် ဆရာဝန်များ၏ သစ္စာအဓိဋ္ဌာန်ကို ဖောက်ဖျက်ရာရောက်ပြီး ပြည်သူများ အနေဖြင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူရာတွင် ပြင်ပဆေးရုံ၊ ဆေးခန်းများ၌ ငွေကြေးအကုန်အကျများစွာဖြင့် ကုသမှုခံယူရသောကြောင့် ပြည်သူများ အနေဖြင့် ထိခိုက်နစ်နာမှုများ ရှိကြောင်း၊ သို့ဖြစ်၍ လိုအပ်သည့်အရေးယူမှု များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူ့အသက်သည် အရေးကြီးကြောင်း၊ သို့ဖြစ်၍ ပြည်သူများအနေဖြင့် မိမိကျန်းမာရေးနှင့်စပ်လျဉ်းပြီး ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် ပြည်သူလူထုအား COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များကို အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် တင်သွင်း ခွင့်ပြုထားကြောင်း။
စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့ရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ မီးရထား၊ ကား၊ ရေကြောင်းနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်အောင် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ ငွေကြေးပုံမှန်လည်ပတ်နိုင်ရန် အဓိကအရေးပါသည့် ဘဏ်လုပ်ငန်းများ မထိခိုက်စေရန် လုံခြုံရေးဆိုင်ရာများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း။
ယခုကာလတွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည်လည်း ခက်ခဲပင်ပန်းစွာဖြင့် ဖြေရှင်းဆောင်ရွက်လျက်ရှိပြီး မိမိကိုယ်ကိုယ်ခုခံ ပိုင်ခွင့်ဖြင့်သာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆူပူမှုများအား ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာအနေဖြင့် ယခုကဲ့သို့ မိမိတို့၏ တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်မှုအပေါ် ယခင်က ပြစ်တင်ဝေဖန်မှုများ ရှိခဲ့သော်လည်း ယခုအခါ အနောက်နိုင်ငံများမှအပ အခြားနိုင်ငံများက မိမိတို့၏ဆောင်ရွက်မှုသည် ပြည်တွင်းရေး ကိစ္စဖြစ်သဖြင့် ဒီမိုကရေစီ နည်းလမ်းအရသာ ဖြေရှင်းဆောင်ရွက်ရန် တိုက်တွန်း ပြောကြားနေကြောင်း၊ မိမိတို့အနေဖြင့် မဲစာရင်းမသမာမှုများအား စိစစ်လျက်ရှိပြီး နိုင်ငံတကာနှင့် ပြည်သူလူထုသိရှိနိုင်ရေး ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်အတွက် ဒီမိုကရေစီနည်းလမ်းနှင့်အညီ ရိုးသားစွာ ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကောင်စီဝင်များ အနေဖြင့်လည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌနှင့် ကောင်စီဝင်များက စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ထွန်းရေးတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်အောင် ပြုလုပ်၍ နိုင်ငံတော်အပေါ် သစ္စာဖောက်မှုနှင့် တိုင်းပြည်ပျက်စီးအောင် နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်နေသူများအား ဖော်ထုတ်၍ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး၊ ပြည်ပအကြံပေးများ ခန့်အပ်ဆောင်ရွက်ခဲ့သည့်ကိစ္စ၊ သတင်းများမှန်ကန်စွာ ထုတ်လွှင့်ရေးအတွက် သတင်းမီဒီယာကောင်စီမှ တစ်ဆင့် ထိန်းသိမ်း ဆောင်ရွက်ရန်ကိစ္စ၊ တာဝန်သိနိုင်ငံ့ဝန်ထမ်းများအား ချီးမြှင့်ရေးနှင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို ဖောက်ဖျက်သည့် ဝန်ထမ်းများအား အရေးယူဆောင်ရွက်ရေးကိစ္စ၊ နိုင်ငံတော် ဘဏ္ဍာငွေ အကုန်အကျသက်သာစေရေးအတွက် ရေအားလျှပ်စစ်ထုတ် လုပ်ရေးကိစ္စ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် စင်ပြိုင်အစိုးရဖွဲ့ စည်းမှုများအား အရေးယူရေး ကိစ္စ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အဝင်/အထွက် စစ်ဆေးရေးဂိတ်များမှ စနစ်တကျစစ်ဆေး ဆောင်ရွက်ရေးကိစ္စ၊ တိုက်ပွဲရှောင် ပြည်သူများ နေရပ်ပြန်နိုင်ရေးကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆက်လက် ဆောင်ရွက်ရေးကိစ္စ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် သွေးထိုး လှုံ့ဆော်နေသည့် ကိစ္စနှင့် လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နေမှု၊ သွားလာရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် မီးရထား၊ ကား၊ ရေကြောင်းနှင့် လေကြောင်းလိုင်းများ ပြေးဆွဲနေမှုနှင့် ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လွတ်ငြိမ်းချမ်းသာခွင့် ဆောင်ရွက်ပေးခဲ့ရာတွင် ပြစ်ဒဏ်ကြီးလေး သူများမှ အပ တတ်နိုင်သမျှ ပြစ်ဒဏ်များကို လျော့ပေါ့ပေးခဲ့ကြောင်း၊ ၎င်းတို့အား ပြင်ပ၌ ဒီမိုကရေ စီကျင့်စဉ်နှင့်အညီ နေထိုင်နိုင်ပြီး အခွင့်အရေးများ မဆုံးရှုံးစေဘဲ ငြိမ်းငြိမ်း ချမ်းချမ်းဖြင့် နေထိုင်နိုင်စေရန် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကိစ္စရပ်အပေါ် သတင်းမှားများဖြင့် ပြည်သူလူထုအထင်အမြင် လွှဲမှားစေရန် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိအနေဖြင့် သတင်းမီဒီယာကောင်စီအား နိုင်ငံတော်၏ စတုတ္ထမဏ္ဍိုင် အဖြစ် အသိအမှတ်ပြုထားကြောင်း၊ သတင်းများကို ထုတ်ပြန်ရာတွင် မှန်ကန်မှုနှင့် မြန်ဆန်မှုရှိရန်လိုကြောင်း၊ တာဝန်သိနိုင်ငံ့ဝန်ထမ်းများအား ချီးမြှင့်နိုင်ရန် စီစဉ်လျက်ရှိ ပြီး တာဝန်ပျက်ကွက်သည့် ဝန်ထမ်းများအား ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် မှာကြားထားကြောင်း၊ နောင်ကာလများတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာ၌ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်နိုင်ရေးကို ဦးစားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်လည်နေထိုင်နိုင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်း များကို ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ထာဝရခိုင်မြဲသည့် ပြည်ထောင်စုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ယခုဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများကို ဖြေရှင်း ရာတွင် လုံခြုံရေးတပ်ဖွဲ့များအား ဥပဒေနှင့်အညီသာ ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ဖေဖော်ဝါရီ ၁၄ ရက်မှစ၍ တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လုံခြုံရေးလှည့်ကင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအနေဖြင့် မည်သည့်နယ်ပယ်က လာသည်ဖြစ်စေ နိုင်ငံတော်ကို ကိုယ်စားပြုသူများဖြစ်သဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံးဖြစ်အောင် ဦးတည်ဆောင်ရွက် သွားကြစေလိုကြောင်း မှာကြားသည်။
(သတင်းစဉ်)