နေပြည်တော် မေ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမောင်မောင်အုန်း၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား လူစီးတွဲနှင့် ကုန်တွဲစက်ရုံ၊ မြစ်ငယ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ စက်ရုံအစည်းအဝေးခန်းမတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်၊ စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန အထွေထွေမန်နေဂျာ ဦးတင်မောင်သန်းတို့က ဝန်ကြီးဌာန၏ နောက်ခံသမိုင်းအကျဉ်း၊ မြန်မာ့မီးရထား၏ လုပ်ငန်းတာဝန်များ၊ စက်ရုံများနှင့် ဌာနများ အလိုက် ဝန်ထမ်းများခန့်အပ်ထားမှု အခြေအနေများ၊ နိုင်ငံတစ်ဝန်းမီးရထားများပြေးဆွဲနေမှု အခြေအနေများနှင့် တိုးချဲ့ပြေးဆွဲမည့် အခြေအနေများ၊ မီးရထား လူစီးတွဲနှင့် ကုန်တွဲအသစ်များ တည်ဆောက်ခဲ့မှုနှင့် ဆက်လက်တည်ဆောက်နေမှုအခြေအနေများ၊ စက်ခေါင်းများ ပြုပြင် ထိန်းသိမ်းမှုနှင့် မီးရထားလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် အသီးသီးရှင်းလင်းတင်ပြကြသည်။
အဓိကဦးစားပေးဆောင်ရွက်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံ၏ပို့ဆောင်ရေးလုပ်ငန်းများတွင် ရထားပို့ဆောင်ရေး လုပ်ငန်းသည် နိုင်ငံအားများစွာအထောက်အကူပြုသည့် သယ်ယူပို့ဆောင်ရေး စနစ်ပင်ဖြစ် ကြောင်း၊ မြန်မာ့မီးရထားသည်နှစ်ပေါင်း ၁၄၀ သက်တမ်းရှိပြီ ဖြစ်သဖြင့် အရှေ့ တောင် အာရှနှင့် တောင်အာရှနိုင်ငံများ၌ အိန္ဒိယနိုင်ငံပြီးလျှင် ဒုတိယသက်တမ်းအရင့်ဆုံး ဖြစ်သောကြောင့် ရထားပို့ဆောင်ရေးနှင့်ပတ်သက်၍ များစွာအတွေ့အကြုံရှိပြီး ဖြစ်ကြောင်း၊ မီးရထားလမ်းများ ကြံ့ခိုင်ကောင်းမွန်ရေးအတွက် အဓိကဦးစားပေး ဆောင်ရွက်ရန်လိုကြောင်း၊ လမ်းတစ်ခုချင်း အလိုက် တိုင်းတာစစ်ဆေးရန်လိုကြောင်း၊ မီးရထားလမ်းများကောင်းမွန်ခြင်း မရှိပါက ရထားတွဲ များပျက်ဆီးစေပြီး ခရီးသွားလာမှုကို ကြန့်ကြာမှု ဖြစ်ပေါ်စေသဖြင့် လမ်းများကောင်းမွန်စေရေး ရထားလမ်းများအား ထိန်းသိမ်းဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ အတိုင်း တိကျစွာ လိုက်နာ၍ ရေရှည်အတွက် ဦးစားပေးစဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ လက်ရှိပြေးဆွဲ နေသည့် မီးရထားများ တစ်နာရီလျှင် အနည်းဆုံး ကီလိုမီတာ ၁၀၀ အထိခုတ် မောင်းပြေးဆွဲနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း။
နည်းပညာများ လေ့လာ
မီးရထားလမ်းကွန်ရက်များနှင့်အတူ ဆက်သွယ်ရေးကွန်ရက်တစ်ခုကို ထည့်သွင်းတည်ဆောက်ခြင်းဖြင့် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မီးရထား စက်ခေါင်းများနှင့် တွဲများပြုပြင် ထိန်းသိမ်းခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းများ၊ မီးရထားလမ်းများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ထပ်မံတိုးချဲ့ ဖောက် လုပ်ခြင်းလုပ်ငန်းများတွင် ပြည်တွင်းမှအင်ဂျင်နီယာပညာရှင်များကို အဓိက အသုံးပြု ဆောင်ရွက်၍ နည်းပညာ များတိုးတက်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ မီးရထားစက်ခေါင်းများနှင့် လူစီးတွဲ၊ ကုန်တင်တွဲများအား ပြည်တွင်းဖြစ်တည်ဆောက်နိုင်ရေး သုတေသနပြု၍ နည်းပညာများ လေ့လာဆောင်ရွက် ကြိုးပမ်းနေရန်လိုကြောင်း၊ ရထားတွဲများ တည်ဆောက်ရာတွင် လျှပ်စစ်ရထားအထိ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေး အနာဂတ် အတွက် ကြိုတင်စဉ်းစား ဆောင်ရွက်နေရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ ရရှိရေးအတွက် နိုင်ငံတော်မှ ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ မီးရထားခရီးစဉ်များ ပြေးဆွဲရာတွင် ခရီးသည်များ အဆင်ပြေစွာခရီးသွား ရောက် နိုင်ရေးအတွက် ရောက်ရှိ ထွက်ခွာမှုများ အချိန်မှန်ရေးနှင့် မီးရထားလမ်း တစ်လျှောက်နှင့် မီးရထားရပ်ဝန်းများတွင် သန့်ရှင်းမှုရှိစေရေး အမြဲမပြတ်ဆောင်ရွက် နေရန်လိုကြောင်း၊ မြန်မာ့မီးရထား ဝန်ဆောင်မှုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် မီးရထားပိုင်မြေများအား အကျိုးရှိစွာအသုံးချနိုင်ရေး ဖော်ထုတ် ဆောင်ရွက်ရန်လိုကြောင်းမှာကြားသည်။
စားသောက်ဖွယ်ရာများပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စက်ရုံဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများပေးအပ်ရာ စက်ရုံမှူးက လက်ခံရယူသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လူစီးတွဲသစ်စက်ရုံ အတွင်း လူစီးတွဲများတည်ဆောက်နေမှုအခြေအနေများ အားလှည့်လည်ကြည့်ရှုကြရာ တာဝန် ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။
လိုက်ပါစီးနင်း
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဉီးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မြန်မာ့မီးရထားအထူးတွဲဖြင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်၊ မြစ်ငယ်ဘူတာမှ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ရွာထောင်ဘူတာအထိ လိုက်ပါစီးနင်းခဲ့ကြသည်။
လေအိတ်ဘိုဂီတွဲများ တည်ဆောက်
အဆိုပါ မြန်မာ့မီးရထား လူစီးတွဲနှင့်ကုန်တွဲစက်ရုံမြစ်ငယ်အား ၁၉၀၅ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၄၇ ခုနှစ်တွင် တွဲတည်ဆောက်ခြင်းများအား စတင် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ ယခုအခါအဆိုပါစက်ရုံတွင် စက်ခေါင်းများနှင့် လူစီးတွဲ၊ ကုန်တင်တွဲများအား အကြီးစားပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပြီး ၂၀၁၈ ခုနှစ်မှစ၍ လူစီးတွဲသစ်စက်ရုံမှ လေအိတ်ဘိုဂီတွဲများ တည်ဆောက်ထုတ်လုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်