Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့ကျက်သရေဆောင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော် မေ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမောင်မောင်အုန်း၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် အဖွဲ့ဝင်များနှင့်အတူ မန္တလေးမြို့ ကျက်သရေဆောင် မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များအား မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် မဟာမြတ်မုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်သည်။

ပေးအပ် လှူဒါန်း

ယင်းနောက် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး၍ ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရားကြီးအတွင်း တိုင်လုံးတော်များနှင့် မျက်နှာကျက်များ မွမ်းမံထားရှိမှု အခြေအနေများ၊ ကြေးရုပ်ပြတိုက်နှင့် သမိုင်းပန်းချီပြခန်း တို့အတွင်းလိုက်လံကြည့်ရှု၍ရှေးဟောင်းသမိုင်းဝင်လက်ရာများအား စနစ်တကျထိန်းသိမ်းထားရှိရေး၊ ပေရွက်များဖြင့် ရေးသားထားရှိသည့် ပိဋကတ်သုံးပုံ အပါအဝင် အခြားဗုဒ္ဓဝင်မှတ်တမ်းများသည် အလွန်တန်ဖိုးရှိ သည့် သမိုင်းလက်ရာများဖြစ်သဖြင့် မပျောက်ပျက်အောင် ထိန်းသိမ်းရမည်ဖြစ်ပြီး မိတ္တူ ပြန်လည်ကူးယူ၍ အကြောင်းအရာအလိုက် Program ရေးဆွဲကာ စနစ်တကျသိမ်းဆည်း ထိန်းသိမ်းနိုင်စေရေး၊ အများပြည်သူ ဖတ်ရှုလေ့လာနိုင်စေရန် ခင်းကျင်းပြသထားသည့် သမိုင်း မှတ်တမ်းမှတ်ရာများကို ရေးသား ဖော်ပြရာတွင် မြန်မာစာရေးထုံးသတ်ပုံများ မှန်ကန်မှုရှိစေရေး ဂရုပြုရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဖူးမြော်ကြည်ညို

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုးရှိ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာ တက္ကသိုလ်သို့ သွားရောက်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော် များ၏ အဓိပတိ၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက၊ ဗဟု ဇနဟိတဓရ တွဲဖက်ရွှေကျင်သာသနာပိုင် သီတဂူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ အား သွားရောက်ဖူးမြော်ကြည်ညိုသည်။

ပြန်လည်ပေးအပ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ အနုမောဒနာတရား နာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေကြ သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးနှင့် အဖွဲ့ဝင်များက ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းရာ ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်