Skip to main content

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြား

နေပြည်တော် အောက်တိုဘာ ၇

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရုံး၊ ရန်ကုန် မြို့တော်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ဒေသဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်မှု အခြေအနေ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးဆောင်ရွက်နေမှု အခြေအနေ၊ အခွန်ငွေကောက်ခံရရှိမှုနှင့် သုံးစွဲမှုအခြေအနေ၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုး/ မွေးမြူရေးဆိုင်ရာ၊ ဝန်ဆောင်မှု ကဏ္ဍဆိုင်ရာ၊ စက်မှုလုပ်ငန်း ကဏ္ဍဆိုင်ရာများ ဖွံဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုနှင့် ကုသရေးစင်တာများ ဖွင့်လှစ်ထားရှိမှု အခြေအနေ၊ နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေ၊ သောက်သုံးရေ ဖူလုံစွာရရှိရေး၊ အနာဂတ်ရေပေးဝေရေးစီမံချက်နှင့် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ ရရှိရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ကုန်ထုတ်လုပ်ငန်းများမှ ပြည်တွင်းထုတ်ကုန် များထုတ်လုပ်၍ ပြည်ပသွင်းကုန် အစားထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လည်းကောင်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက ရန်ကုန်မြို့တော် သန့်ရှင်းသာယာ လှပရေးနှင့် ရေကြီးရေလျှံမှုများမဖြစ် ပေါ်စေရေးအတွက် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကောင်းမွန်စေရေး ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းမှာကြားသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနများအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ စက်မှုလုပ်ငန်းများ တိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ ကျေးလက်နေ ပြည်သူများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေမှုအခြေအနေ၊ နိုင်ငံသား စိစစ်ရေးကတ်များရရှိရေး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိရေးနှင့် ဓာတ်အားပြတ်တောက်မှုများ မရှိစေရေးအတွက် ဆောင်ရွက်လျက် ရှိသည့်အခြေအနေ၊ မီတာခများကောက်ခံရရှိရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ကျန်းမာရေးကဏ္ဍ  အဆင့်မြှင့်တင်ရေး ဆောင်ရွက်နေမှု အခြေအနေ၊ အမျိုးသားအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို ဖြည့်စွက် ရှင်းလင်း ပြောကြားကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် က ဖြည့်စွက်ပြောကြားရာတွင် နိုင်ငံသားအားလုံး နိုင်ငံသား မှတ်ပုံတင်ကတ်ပြားနှင့် အိမ်ထောင်စုဇယားများ ရရှိရန်အရေးကြီးကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုပေါင်း ၁၁ သန်း ကျော်ရှိသည့်အနက် မှတ်ပုံတင်မရှိဘဲ ဆန္ဒမဲ ပေးခဲ့သူ ၄ သန်းကျော်ခန့်ရှိကြောင်း၊ ဒီမိုကရေစီစနစ်တွင် အထွေထွေရွေးကောက်ပွဲသည် အရေးကြီးပြီး Free and Fair ဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် လာမည့်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် ပြည်သူများအားလုံး ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားမှတ်ပုံတင် ကတ်ပြားများရရှိရေး၊ အိမ်ထောင်စုစာရင်းများ မှန်ကန်ရေး၊ လူဦးရေစာရင်း မှန်ကန်ရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးသည် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များထက် လမ်းပန်းဆက်သွယ်မှုများကောင်းမွန်ပြီး နည်းပညာဖွံဖြိုးမှုနှင့် လူသား အရင်းအမြစ်ကောင်းများ ပိုမိုပေါများသည့် ဒေသဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအားလုံး နိုင်ငံသားမှတ်ပုံတင် ကတ်များ အမြန်ဆုံးရရှိရေး ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေအားဖြင့် ၇ ဒသမ ၈ သန်းကျော်ရှိပြီး နိုင်ငံလူဦးရေ၏ ၁၅ ရာခိုင်နှုန်းနီးပါးခန့် နေထိုင်လျက်ရှိကြောင်း၊ ၇ ဒသမ ၈ သန်းကျော်အနက် ကျေးလက်နေလူဦးရေ ၂ ဒသမ ၅ သန်း ခန့်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နေလူဦးရေ ပိုမိုများပြားကြောင်း၊ တိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်ပြီး သွားလာမှုအဆင်ပြေကာ နည်းပညာအရလည်း ဖွံ့ဖြိုးတိုးတက်မှုရှိသဖြင့် ရန်ကုန်မြို့သည် လုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပတ်သက်၍ လွန်စွာအဆင်ပြေသည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ ရန်ကုန်မြို့သည် ပညာသင်ကြားရေးနှင့် ပတ်သက်၍ နိုင်ငံ၏ထိပ်တန်းနေရာတွင်ရှိပြီး လွတ်လပ်ရေးရရှိသည်မှ ၂၀၀၆ ခုနှစ်အထိ နိုင်ငံ၏မြို့တော်အဖြစ် တည်ရှိခဲ့သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေအနေကောင်းများစွာရှိကြောင်း။ ရေခံမြေခံ ကောင်းမွန်ပြီးဖြစ်သဖြင့် အခြားဒေသများထက် ပိုမိုကောင်းမွန်တိုးတက်အောင် တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။

ရန်ကုန်မြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ တတိယလှိုင်းတွင် ဖြစ်ပွားမှုများ များပြားခဲ့သော်လည်း ယခုအခါ ကူးစက်မှုနှုန်းအနိမ့်ဆုံးနှင့် သေဆုံးမှုနှုန်း အနိမ့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်သဖြင့် ဆက်လက်ထိန်းသိမ်း၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် မိမိတို့အနေဖြင့် အရေးပေါ်တုံ့ပြန်နိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင် ရောဂါကူးစက်မှုများ ကျဆင်းလာသည်ကို ဝမ်းမြောက်ဖွယ် တွေ့မြင်ရကြောင်း၊ ကာကွယ်ကုသရေးနှင့် ပတ်သက်၍ လိုအပ်သည့် အထောက်အကူပစ္စည်းများနှင့် ဆေးဝါးများ ပြည့်စုံစေရေးအတွက်လည်း စုဆောင်းထားရှိ ဆောင်ရွက်ခဲ့ကြောင်း၊ ထပ်မံဖြစ်ပွားလာနိုင်သော ကူးစက်မှုများအတွက်လည်း အဆိုးဆုံး အခြေအနေအထိ မျှော်တွေးပြီး အကောင်းဆုံးပြင်ဆင် ထားရန်လိုကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကူးစက်မှုနှုန်းနည်းပါးလာခြင်းသည် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်မှုများကြောင့် ပင်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများအတွက် ရန်ကုန်မြို့နေ ပြည်သူများကို အသိအမှတ်ပြု ချီးကျူးပါကြောင်း။

ရန်ကုန်မြို့တော်သန့်ရှင်း သာယာလှပရေးအတွက် တာဝန်ရှိသူများအနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိုးရာသီ ကာလများတွင် ရေကြီးရေလျှံမှု များဖြစ်ပေါ်တတ်သဖြင့် ရေမြောင်းများပိတ်ဆို့မှု မရှိစေရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ရေကြီးရေလျှံ မှုများ၏ အဓိကအကြောင်းရင်းမှာ ရေမြောင်းများ ပိတ်ဆို့မှုကြောင့်ဖြစ်ပြီး ယခင်အစိုးရ အဆက်ဆက် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရခဲ့ကြောင်း၊ မိမိတို့အစိုးရတာဝန်ယူချိန် ယခုနှစ်မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှု ထိန်းနိုင်အောင် ကြိုးပမ်းစွမ်းဆောင် နိုင်ခဲ့ကြသည့် တာဝန်ရှိသူအသီးသီးကို အသိအမှတ်ပြုပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ရန်ကုန်မြို့နေပြည်သူများကိုလည်း ချီးကျူးပါကြောင်း၊ သစ်ပင်များစိုက်ပျိုးပြီး အမှိုက်များကင်းစင်အောင် ပြုလုပ်ခြင်းဖြင့် Green City , Clean City ဖြစ်အောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ ကျန်းမာရေးအတွက် သန့်ရှင်းသည့် ပတ်ဝန်းကျင်နှင့် လေကောင်းလေသန့် များကို ရရှိစေမည်ဖြစ်ကြောင်း၊ ပြည်သူများ ကျန်းမာကြံ့ခိုင်မှုအတွက် ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ရန်လိုကြောင်း၊  ရန်ကုန်တိုင်းဒေသကြီးအတွင်း အားကစားသမားများ များစွာပေါ်ထွန်းခဲ့ပြီး ဆက်လက် ထိန်းသိမ်းဆောင်ရွက် သွားရန်လိုကြောင်း၊ လူများ၏ စားသောက်ရေးအတွက် ဈေးဆိုင်များဖွင့်လှစ်ကြပြီး ဈေးဆိုင်အများစုသည် လမ်းမများ၏ ဘေးများတွင် တည်ရှိကြကြောင်း၊ အချို့ဈေးဆိုင်များ၏ ဆိုင်းဘုတ်များ၊ အမှိုက်များသည် လူအများသွားလာလှုပ်ရှားလျက်ရှိသည့် လမ်းမများပေါ်သို့ ရောက်ရှိနေကြကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ Non Product Element များလျှော့ချနိုင်မှသာ Green City, Clean City,  Fair City ဖြစ်မည်ဖြစ်ပြီး နည်းပညာများနှင့် ပေါင်းစပ်၍ Smart City အဆင့်သို့ ရောက်ရှိမည် ဖြစ်ကြောင်း။

ကျူးကျော်နေထိုင်သူများနှင့် ပတ်သက်၍ စနစ်တကျ ထိန်းသိမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ အများစုသည် ရန်ကုန်မြို့တွင် အလုပ်အကိုင် အခွင့်အလမ်းများရှိသဖြင့် လာရောက်နေထိုင် ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလုပ်အကိုင်များရရှိအောင် စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျေးလက်မြို့ပြကွာဟမှုကို လျှော့ချလျက် ရှိကြောင်း၊ သို့မှသာ ကျူးကျော်နေထိုင်သူများ၏ ပြဿနာများ ပြေလည်သွားမည်ဖြစ်ကြောင်း၊ ကျူးကျော်ပြဿနာများကို ဖြေရှင်းနိုင်ခြင်းဖြင့် မြို့သာယာလှပ ရေးကိုလည်း အထောက်အကူပြုမည်ဖြစ်ကြောင်း။

အမှိုက်များစွန့်ပစ်ခြင်းနှင့်ပတ်သက်၍ အမှိုက်စွန့်ပစ်သည့်စနစ်များ ကောင်းမွန်စေရေးအတွက် စီမံဆောင်ရွက်ကြရန်လိုကြောင်း၊ စွန့်ပစ်အမှိုက်များမှ Recycle ပြုလုပ်နိုင်ရန်အတွက် အမှိုက်စွန့်စနစ်များအား အမျိုးအစားအလိုက် ခွဲခြားဆောင်ရွက်ရန် လိုကြောင်း၊ အမှိုက်များအား မီးရှို့ဖျက်ဆီးမှုများမှတစ်ဆင့် စွမ်းအင်ထုတ်လုပ်ခြင်းနှင့် မြေဩဇာထုတ်လုပ်ခြင်းများကို ဆောင်ရွက်၍ရသဖြင့် Waste energy ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေး အတွက်လည်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် နည်းလမ်းရှာဖွေ ဆောင်ရွက်ရန်လိုကြောင်း၊ တစ်ဖက်မှလည်း လျှပ်စစ်ဓာတ်အား ချွေတာရေးအတွက် မသုံးသင့်သည့် နေရာများတွင် မီးများအသုံးပြုမှုမရှိစေရေး စနစ်တကျ ဆောင်ရွက်ကြရန် လိုကြောင်း၊ လျှပ်စစ်မီး သက်သာစေသည့် LED မီးများကို ပြောင်းလဲအသုံးပြုပါက လျှပ်စစ်ဓာတ် အားချွေတာမှုကို ဖြစ်ပေါ်စေသကဲ့သို့ နိုင်ငံတော်အတွက်လည်း အကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စားရေးအဆင်ပြေစေရေးအတွက် တတ်နိုင်သမျှ ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် ဆန်စပါးများမှ ဒေသတွင်း ဆန်ဖူလုံမှု ရှိသော်လည်း တစ်ဧက တင်း ၁၀၀ အထက် အထွက်နှုန်းတိုးအောင် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူများ ဝင်ငွေပိုရရှိကာ ဒေသစီးပွားရေးပိုမို အဆင်ပြေမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တပ်မတော် စိုက်ပျိုးမွေးမြူရေး ဇုန်များမှလည်း ဟင်းသီး ဟင်းရွက်နှင့် အသား၊ ငါးနှင့် ကြက်ဥ၊ ဘဲဥများအား စဉ်ဆက်မပြတ် ထုတ်လုပ်၍ စားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်  ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ ဒေသတွင်း စားရေးဖူလုံအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ဒေသအတွင်း လည်ပတ်သုံးစွဲငွေများ များပြားလာပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း စိုက်ပျိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ Agro Based Industries ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များထက် ပိုမိုဖွံဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း၊  ရှိပြီးသားအခြေအနေ ကောင်းများကို အသုံးချ၍ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများကို တိုးတက်အောင် သက်ဆိုင်ရာဌာနများအနေဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ အကောင်အထည်ဖော်မည့် သမဝါယမလုပ်ငန်းသည် ပြည်သူများ တိုက်ရိုက်ပါဝင်သည့် သမဝါယမ စနစ် ဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင်လည်း သမဝါယမစနစ်ကို ကျင့်သုံး၍ အောင်မြင်လျက် ရှိသည်ကို တွေ့ရှိရကြောင်း။

အခွန်ထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ ထိုက်သင့်သည့် အခွန်များပေးဆောင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် အခွန်နှုန်းထားများ တိုးမြှင့်ခြင်းမပြုကြောင်း၊ ဒီမိုကရေစီ နိုင်ငံတစ်ခုတွင် နိုင်ငံသားတိုင်း အခွန်ထမ်းလိုသည့် စိတ်များရှိရန်လိုကြောင်း၊ အချို့ပြည်သူများသည် လုပ်ငန်းများ ဆောင်ရွက်ကြသော်လည်း အခွန်ထမ်းခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ အခွန်ငွေများ ပြည့်ပြည့်ဝဝရရှိမှသာ နိုင်ငံတိုးတက်ရေး အတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

ရန်ကုန်မြို့တွင် ရေလုံလောက်စွာ ရရှိရေးအတွက် ရှိပြီးသားရေအရင်းမြစ်များမှ သုံးစွဲမှုများအား စနစ်တကျဖြစ်အောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ ရေသွယ်တန်းမှုများမှ လေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး စစ်ဆေးပြုပြင် ဆောင်ရွက်နေရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ရေအရင်းမြစ် ဖြစ်သည့် မြစ်ချောင်းများ များစွာရှိပြီး စနစ်တကျဖြင့် အသုံးချကြရန်လိုကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ၈ ရာခိုင် နှုန်းအောက်သို့ရောက်ရှိလာပြီဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် ပမာဏသို့ ကျဆင်းလာမည်ဆိုပါက Stay at Home သတ်မှတ်ထားမှုများ ဖြေလျှော့ခြင်းနှင့် ဖြေလျှော့၍ရသည့် အခြားကန့်သတ်ချက်များကိုလည်း ဖြေလျှော့ပေး သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ကူးစက်မှုနှုန်း ကျဆင်းလာစေရေးအတွက် တစ်ဦးချင်း ကိုယ်စီအသိစိတ်ဓာတ်ရှိစွာဖြင့် ထိန်းသိမ်းနေထိုင်ကြရန်နှင့် မိမိနေထိုင်ရသည့် ပတ်ဝန်းကျင် တွင်လည်း နေထိုင်မှုစည်းကမ်း စနစ်တကျရှိစေရေး ဝိုင်းဝန်းလုပ်ဆောင်သွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)