နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များမှာ အချိန်ကာလသတ်မှတ်ချက်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေရခြင်းဖြစ်သည့်အလျောက် အချိန်ယူဆောင်ရွက်နေ၍မရဘဲ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ အထူးသဖြင့် အန္တိမရည်မှန်းချက်ဖြစ်သော လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်နေရသည်။
လက်ရှိပြည်တွင်း၌ ဖြစ်ပေါ်နေသည့် အခြေအနေမှာ အမြင်ကျဉ်းမြောင်းသည့် လူမျိုးရေးဝါဒစွဲကိုင်ထားကြသည့် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများက PDF အမည်ခံအကြမ်းဖက် လက်နက်ကိုင်အဖွဲ့များ၏ ပူးပေါင်းပါဝင်မှုကို ရယူကာ မြို့ရွာများကို တိုက်ခိုက်၍ အဓမ္မဝင်ရောက်နေထိုင်ခြင်း၊ သယံဇာတများကို ဥပဒေမဲ့တူးဖော်ခိုးယူရောင်းချခြင်း၊ ဒေသအနှံ့အပြားတွင်ရှိနေသည့် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူအသီးသီးတို့ကလည်း ဒေသတွင်းရှိနေသည့် သဘာဝသယံဇာတများကို တရားမဝင်ခိုးထုတ်ခြင်း၊ တရားမဝင်ဂိတ်များဖွင့်လှစ်၍ ဂိတ်ကြေးများကောက်ခံခြင်း စသည်တို့အပါအဝင် ဒေသခံပြည်သူလူထုအပေါ်တွင် အကြောက်တရားဖြင့် လွှမ်းမိုးဖိနှိပ်ထားကာ နိုင်ငံပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ်များကို ပြုလုပ်လျက်ရှိကြသည်။
ယင်းအခြေအနေများသည် နိုင်ငံအတွက် အန္တရာယ်ကြီးမားသည့်အလျောက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တိုက်ခိုက်ရှင်းလင်း နှိမ်နင်းသွားရမည်သာဖြစ်သည်။ မြို့များ၊ ရွာများအတွင်း အကြမ်းဖက်သောင်းကျန်းသူတို့ အဓမ္မတိုက်ခိုက် ဝင်ရောက်ကာ ပြည်သူလူထုအတွင်း ရောနှောနေထိုင်ခြင်း၊ သာသနိကအဆောက်အအုံများအတွင်း နေရာယူထားကြခြင်း စသည်တို့မှာ ရည်ရွယ်ချက်အားဖြင့် လူသားတံတိုင်းဖြင့် အကာအကွယ်ယူကြခြင်းဖြစ်သကဲ့သို့ တပ်မတော်၏ တုံ့ပြန်တိုက်ခိုက်မှုများ အခက်တွေ့စေရန်လည်းဖြစ်သည်။ ယမန်နှစ် စက်တင်ဘာ ၃ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား အမှာစကားပြောကြားရာတွင် “လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက်အဦများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများကို အသုံးပြုခြင်း၊ အပြစ်မဲ့ ပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါလက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ် မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာ များရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန် လိုအပ်ကြောင်း” ထည့်သွင်းပြောကြားခဲ့ရာ ယင်းအမှာစကားကောက်နုတ်ချက်ကို တရားဝင်မီဒီယာများတွင် မကြာခဏ ဖော်ပြပေးလျက်ရှိသည်။
အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများ ဝင်ရောက်နေထိုင်ကြသည့် မြို့၊ ရွာများမှ ဒေသခံပြည်သူများမှာ အချိန်ကြာလာသည်နှင့်အမျှ သရုပ်အမှန်ကို ပြသလာသည့် အကြမ်းဖက်သောင်းကျန်းသူများကို စက်ဆုပ်ရွံရှာလာကြပြီး တပ်မတော်ထံ သတင်းများပေးပို့လျက်ရှိကြသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးတို့ကို မဖြစ်မနေ ဆောင်ရွက်သွားရမည်ဖြစ်ရာ ဒေသခံပြည်သူများအနေဖြင့် မိမိကိုယ်ကို လူသားတံတိုင်းအဖြစ်မခံရေး၊ ဘေးကင်းလုံခြုံရေးအတွက် သောင်းကျန်းသူတို့နှင့် ဝေးရာတွင် ဂရုပြုနေထိုင်ကြရပါမည့်အကြောင်း။ ။