Skip to main content

မြေငလျင်အန္တရာယ်ခံနိုင်မှုရှိစေရေး စနစ်တကျတွက်ချက်တည်ဆောက်

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်သည် မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးများအနက် ဒုတိယအပြင်းထန်ဆုံးနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သည့် ငလျင်ကြီးဖြစ်သည်။ ဧပြီလ ၁၁ ရက်နေ့အထိ ကောက်ယူရရှိသောစာရင်းများအရ ထိခိုက်သေဆုံးခဲ့ရသူ ၃၆၇၅ ဦး၊ ဒဏ်ရာရရှိခဲ့သူ ၅၀၂၀ နှင့် ပျောက်ဆုံးသူ ၁၄၁ ဦးရှိသည်ဟု သိရသည်။ ယခုကဲ့သို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရသလို သင်ခန်းစာယူကာ အနာဂတ်အတွက် ပြင်ဆင်ဆောင်ရွက်ကြရမည် ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီလ ၁၁ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသရှိ ငလျင်ဒဏ်သင့်ပြည်သူများနှင့် သွားရောက်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ရာတွင် “အဆောက်အအုံများ ဆောက်လုပ်ရာတွင် ယခင်မိမိတို့နိုင်ငံတွင် အမြင့်ဆုံး လှုပ်ခတ်ခဲ့သည့် ရစ်(ချ်)တာစကေး ၈ အထိခံနိုင်သည့် အဆောက်အအုံများ ဆောက်လုပ်ရမည်ဖြစ်သော်လည်း ဆောက်လုပ်ခဲ့ခြင်းမရှိမှုများကြောင့် အချို့အဆောက်အအုံများမှာ ပျက်စီးပြီး ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နောင်အချိန်တွင် ယခုကဲ့သို့ ပျက်စီးမှုများမဖြစ်စေရေး အဆောက်အအုံများ ဆောက်လုပ်ရာတွင် အနည်းဆုံးရစ်(ချ်)တာစကေး ၈ အထိခံနိုင်သည့် အဆောက်အအုံများဆောက်လုပ်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း” ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်ကာလများက အဆောက်အအုံများ ဆောက်လုပ်ရာတွင် ချွတ်ယွင်းအားနည်းချက်များရှိခြင်းနှင့်ပတ်သက်၍ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုတွင် သက်သေထင်ရှား မြင်တွေ့ကြရမည်ဖြစ်သည်။ အထူးသဖြင့် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာ၌ နည်းစနစ်တကျ ဆောက်လုပ်ခဲ့သည့် အဆောက်အအုံများမှာ အနည်းငယ်သာထိခိုက်ခဲ့ပြီး ပြိုကျပျက်စီးမှုမရှိခဲ့သော်လည်း စံချိန်စံညွှန်း အရည်အသွေးမမီ ဆောက်လုပ်ခဲ့သည့် အဆောက်အအုံများမှာ မြေပေါ်သို့ပြားပြားဝပ် ပြိုကျပျက်စီးခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် လူ့အသက်နှင့်ခန္ဓာများ မသေဆုံးသင့်၊ မထိခိုက်သင့်ဘဲ ထိခိုက်ပျက်စီးမှု အမြောက်အမြားနှင့် ကြုံတွေ့ခဲ့ရသည်။

အဆောက်အအုံဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ သာဓကတစ်ခုအနေဖြင့် နေပြည်တော်တွင် တည်ထားကိုးကွယ်သည့် မာရဝိဇယဆင်းတုတော်ကြီးနှင့် ပလ္လင်တော်ကြီးမှာ ထိခိုက်ပျက်စီးမှုလုံးဝမရှိဘဲ အခြားသာသနိကအဆောက်အအုံများ၌သာ ထိခိုက်ပျက်စီးမှုအနည်းငယ်ဖြစ်ပေါ်ခဲ့သည်ကို တွေ့မြင်နိုင်သည်။ ဆင်းတုတော်ကြီး တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်စဉ်ကတည်းက ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လေပြင်းတိုက်ခတ်မှုဒဏ်ခံနိုင်ရည်နှင့် သဘာဝ ဘေးအန္တရာယ်များမှ ခံနိုင်မှုရှိစေရေးတို့ကို စနစ်တကျတွက်ချက်တည်ဆောက်နိုင်မှုနှင့် ခေတ်မီအင်ဂျင်နီယာနည်းပညာများ အသုံးပြုတည်ဆောက်ခဲ့မှုကြောင့် စေတီတော်ကြီးပျက်စီးမှု မဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အဆောက်အအုံများ တည်ဆောက်ရာတွင် နောင်လာနောက်သားများ၏ ကာလများ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုမဖြစ်ပေါ်စေရေး၊ ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများကို စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးသွားကြရမည် ဖြစ်သည်။ အဆောက်အအုံအသစ်များ ဆောက်လုပ်ရာတွင် ခွင့်ပြုပေးသည့် သက်ဆိုင်ရာအဖွဲ့အစည်းများက အဆောက် အအုံအလိုက် စံချိန်စံညွှန်းများနှင့် အရည်အသွေးများ သတ်မှတ်ပေးထားပြီးဖြစ်ရာ အဆောက်အအုံမဆောက်လုပ်မီ ခွင့်ပြုသတ်မှတ်ပေးထားသည့် အချက်အလက် များနှင့်အညီ ဆောက်လုပ်ရန်နှင့် တည်ဆောက်ရေးကာလတွင် သတ်မှတ်ထားသည့် အတိုင်း ဆောက်လုပ်ခြင်းရှိ/မရှိ၊ တည်ဆောက်ပြီးစီးသည့်အခါတွင် ခွင့်ပြုထားသော အရည်အသွေးစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိ/မရှိတို့ကို စစ်ဆေးကြပ်မတ်ရမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်မှုမရှိပါက အရေးယူဆောင်ရွက်မှုတို့ကို တိကျစွာ ဆောင်ရွက်ရမည်ဖြစ်သည်။

အများပြည်သူ ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် အဆောက်အအုံ ဆောက်လုပ်သူများသာမက စစ်ဆေးသူများတွင်လည်း တာဝန်ရှိပေသည်။ ပြီးခဲ့သည့်ကာလများက အဆောက်အအုံများ ဆောက်လုပ်ရာတွင် အချို့သော အဆောက်အအုံတို့ကို စနစ်တကျ ကျွမ်းကျင်သောပညာရှင်များ၏ ပုံစံထုတ်ရေးဆွဲသတ်မှတ်သည့်အတိုင်း ဆောက်လုပ်ခဲ့ကြပြီး အချို့ကန်ထရိုက်များသည် မှန်ကန်တတ်ကျွမ်းသော ပညာရှင်များကိုအသုံးမပြုဘဲ အမြတ်အစွန်းရရှိရေးကိုသာ ဦးစားပေးပြီး မမှန်မကန်ဆောက်လုပ်ခဲ့သောကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။ အဆောက်အအုံတစ်ခုဆောက်လုပ်ရာတွင် ပေါ့လျော့ချွတ်ယွင်းအားနည်းမှုသည် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရသည့်အခါ နိုင်ငံတော်အတွက်သာမက ပြည်သူတစ်ဦးချင်းအတွက်ပါ ပေးဆပ်မှုကြီးမားသည်ကို သင်ခန်းစာယူကာနောင်တွင် ယခုကဲ့သို့ အဖြစ်ဆိုးမျိုးမဖြစ်ပေါ်အောင် စနစ်တကျဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။