Skip to main content

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ် နွေစပါး စိုက်ပျိုးရေပေးဝေနိုင်ရေး ပြင်ဆင်ဆောင်ရွက်

နေပြည်တော် ဧပြီ ၁၃

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစား ခဲ့ရသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား သက်ဆိုင်ရာဒေသအရောက် တွေ့ဆုံအားပေးခြင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၂ ရက် နံနက်ပိုင်းတွင် မိတ္ထီလာခရိုင်နှင့်မြို့နယ်မှ အမှုထမ်း၊ အရာထမ်းများအား မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်သီးနှံခြံ၌ သွားရောက်တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

စနစ်တကျဆောင်ရွက်

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်းခရိုင်နှင့် မြို့နယ်များမှ ဦးစီးဌာနရုံးများနှင့် နိုင်ငံပိုင်အဆောက်အအုံများ၊ သိုလှောင်ရုံများနှင့် ထွန်စက်စခန်းများကို အသေးစိတ် လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ထိခိုက်ပျက်စီးခဲ့သည့် နိုင်ငံပိုင်အဆောက်အအုံနှင့် ပစ္စည်းများကို သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်သည့် အဖွဲ့ဖြင့်စာရင်းပြုစုခြင်း၊ ဖယ်ရှားရှင်းလင်းခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်း၊ အသစ်ပြန်လည်ဆောက်လုပ်ခြင်း လုပ်ငန်းများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။

ထောက်ပံ့ငွေများပေးအပ်

ဆက်လက်၍ ရမည်းသင်းမြို့နယ်ရှိ စီပင်စိုက်ပျိုး ရေးသုတေသနခြံရှင်းလင်းဆောင်တွင် ရမည်းသင်း ခရိုင်အတွင်းရှိ အမှုထမ်း၊ အရာထမ်းများအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့်ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိ သူများနှင့်အတူ တပ်ကုန်းမြို့နယ် ဆင်သေရေလွှဲဆည်သို့ သွားရောက်ပြီး နွေစပါးစိုက်ပျိုးရေပေးဝေနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုနှင့် အချိန်မီရေပို့လွှတ်ပေးနိုင်ရန် ကွင်းဆင်းစစ်ဆေးပြီး အမြန်ဆုံးစီမံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်