နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီလ ၁၁ ရက်နေ့က မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့စဉ် ထိခိုက်မှုများနှင့် ကြုံတွေ့ရသည့် ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေးဒေသသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ငလျင်ဒဏ်ခံရသည့် ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားရာတွင် “မိမိတို့အနေဖြင့် နိုင်ငံရေးကို ဆောင်ရွက်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးကို ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦးနှင့်တစ်ဦး ညီညီညွတ်ညွတ် ဖြင့် တောင်ပေါ်မြေပြန့်မခွဲခြားဘဲ ဝိုင်းဝန်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများပြုလုပ်ပြီး နိုင်ငံတော်အာဏာကို အဓမ္မရယူရန် ဆောင်ရွက်မှုများရှိလာသဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်ကို ခေတ္တတာဝန်ယူဆောင်ရွက်နေသော အစိုးရဖြစ်သည်။ နိုင်ငံရေးကို ဆောင်ရွက်နေသောအစိုးရမဟုတ်ဘဲ ဖြစ်ပေါ်လာသည့် နိုင်ငံ့အရေးများကို တည့်မတ်မှန်ကန်အောင် ပြန်လည်တည်ဆောက်ပေးနေသောအစိုးရဖြစ်သည်။ ကာလကန့်သတ်ချက်ဖြင့် နိုင်ငံကိုတာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး ထာဝရတည်ရှိနေသော နိုင်ငံနှင့်ပြည်သူ ပိုမိုကောင်းမွန်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံနှင့် ပြည်သူများအနေဖြင့် ခက်ခဲကြမ်းတမ်းမှုများစွာ ဖြတ်သန်းခဲ့ကြရသည်။ ၂၀၂၀ ပြည့်နှစ်တွင် ပြင်းထန်ဆိုးရွားသော ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးဆိုးကြီးကို ကြုံတွေ့ခဲ့ကြရပြီး ပြည်သူပြည်သား အမြောက်အမြား ရောဂါ ကြောင့် သေဆုံးခဲ့ရသည်။ မဲမသမာမှုကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသော အပြောင်းအလဲတွင် နိုင်ငံရေးပယောဂလှိုင်းတံပိုးဂယက် ရိုက်ခတ်မှုနှင့်ကြုံတွေ့ခဲ့ ရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ဆူပူအကြမ်း ဖက်သောင်းကျန်းမှုများနှင့် ကြုံတွေ့ကြရပြီး အပြစ်မဲ့ပြည်သူ ရဟန်းရှင်လူအမြောက်အမြား သတ်ဖြတ်ခံခဲ့ရ သည်။ ၂၀၂၃ ခုနှစ် မေလ၌ ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းဒဏ်ခံကြရပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ရာဂီမုန်တိုင်း နောက်ဆက်တွဲကြောင့် ပြည်သူများ ဆင်းရဲဒုက္ခရောက်ခဲ့ကြရသည်။ ယခု ၂၀၂၅ ခုနှစ်တွင် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးပျက်စီးခဲ့ရသည်။
မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို နှစ်အလိုက် ကြုံတွေ့ခံစားကြရသလို လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့ထက်တိုင် ကြုံတွေ့နေရသည့် မငြိမ်းချမ်းမှုအကျိုးဆက်များကို နိုင်ငံတော်နှင့် ပြည်သူများ ခါးစည်းခံစားနေကြရသည်။ အယူဝါဒကွဲပြားမှု၊ လူမျိုးရေးကွဲပြားမှု၊ နိုင်ငံရေးစနစ် ကွဲပြားမှုများအပေါ် ပုံကြီးချဲ့သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ကြီးထွားလာအောင် ပြုလုပ်ခဲ့ကြသည်။ အစိုးရအဆက်ဆက်သည် ပြည်တွင်း ငြိမ်းချမ်းရေးကို ကြိုးပမ်းတည်ဆောက်ခဲ့သော်လည်း ပြည်တွင်းရေးအခြေအနေများထက် ပြည်ပမှ အားပေးအားမြှောက် လှုံ့ဆော်ပါဝင်စွက်ဖက်မှုများကြောင့် လက်နက်ကိုင်ပဋိပက္ခများ မချုပ်ငြိမ်းနိုင်သေးဘဲ ယခုအချိန်အထိ ဆက်လက် တောက်လောင်လျက်ရှိသည်။
ယခုအခါ အလွန်ပြင်းထန်သည့် ငလျင်ဘေးဒဏ်ကို နိုင်ငံတကာမှ စာနာထောက်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် မြန်မာနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းလက်တွဲဆောင်ရွက်ကြသည်။ အထောက်အကူပြုပစ္စည်း များပို့ဆောင်ပေးခြင်း၊ နိုင်ငံတကာမှ နိုင်ငံ့အကြီးအကဲများ၊ တာဝန်ရှိသူများ၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းများက ထပ်တူဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ခြင်းတို့ဖြင့် ဖေးမကူညီကြသည်။ အလားတူ မြန်မာနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ အသင်းအဖွဲ့များနှင့် တာဝန်သိမိဘပြည်သူအားလုံးကလည်း နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် စည်းလုံးညီညွတ်စွာဖြင့် တက်ညီလက်ညီ ပါဝင်ကူညီကြသည်။ စုစည်းညီညွတ်သောအားဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်ကို စိတ်ဓာတ်ခိုင်မာမှု၊ ယုံကြည်မှု၊ အပြန်အလှန်ဖေးမကူညီမှုတို့ဖြင့် အခက်အခဲများကို ကျော်ဖြတ်လျက်ရှိသည်။
ထိုသို့သော အခက်အခဲအမျိုးမျိုး၊ စိန်ခေါ်မှုအဖုံဖုံရှိနေသောကြောင့် မြန်မာနိုင်ငံအနေဖြင့် အခွင့်အလမ်းကောင်းများစွာ ရှိပါသော်လည်း ဖွံ့ဖြိုးတိုးတက်မှုနောက်ကျရသည့်အဖြစ်များနှင့် ကြုံနေရသည်။ သို့သော် အခက်အခဲများ၊ စိန်ခေါ်မှုများကို အခွင့်အလမ်းကောင်းများ၊ အခြေအနေကောင်းများအဖြစ် ပြောင်းလဲနိုင်သည်။ ယင်းသည် စည်းလုံးညီညွတ်မှုဖြစ်သည်။ စည်းလုံးညီညွတ်မှုမရှိလျှင် မည်သည့်စီးပွားရေးစနစ်မဆို အောင်မြင်မည်မဟုတ်၊ မည်သည့်နိုင်ငံရေးစနစ်ကိုမျှ ခိုင်ခိုင်မာမာဦးဆောင်နိုင်မည်မဟုတ်၊ မည်သည့်လူမှုရေးစနစ်မျှ အေးချမ်းသာယာဝပြောမည် မဟုတ်ပေ။ သို့ဖြစ်ရာ တည်ဆဲအစိုးရသည် နိုင်ငံရေးအစိုးရမဟုတ်ဘဲ နိုင်ငံ့အရေးကို ဆောင်ရွက်ပေးနေသော အစိုးရဖြစ်၍ တိုင်းရင်းသားပြည်သူအားလုံးအနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာပြည်သားများကိုချစ်သည့်စိတ်၊ မြန်မာကိုချစ်သည့်စိတ် မွေးမြူပြီး စုစည်းညီညွတ်သောအင်အားဖြင့် ထိခိုက်နာကျင်ခဲ့သော တိုင်းပြည်ကို ပိုမိုကောင်းမွန်အောင် ပြန်လည်တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။ ။