Skip to main content

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများ၏ မိသားစုများ စိတ်ခွန်အားဖြစ်စေရေးနှင့် သင်္ကြန်ကာလ စိတ်ချမ်းမြေ့စေရေး ဆောင်ရွက်

နေပြည်တော် ဧပြီ ၁၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် အဖွဲ့သည် ဧပြီ ၁၄ ရက်က ဇေယျာသီရိမြို့နယ် ရေဆင်းမွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သော ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံသည်။

မှာကြား

ဦးစွာ ဒုတိယဝန်ကြီးက ဝန်ထမ်းမိသားစုများ၏ ထိခိုက်ပျက်စီးဆုံးရှုံးမှုများအပေါ် နိုင်ငံတော်နှင့် ဝန်ကြီးဌာနမှ အကောင်းဆုံးအဆင်အပြေဆုံးဖြစ်စေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဖြစ်ပေါ်လာသည့် သဘာဝဘေး အန္တရာယ်အပြီး မိမိနှင့် မိသားစုများ ကျန်းမာရေးကို ဂရုစိုက်ကြစေလိုကြောင်း၊ မိမိတို့ အိပ်ဆောင်များတွင်လည်း သတ်မှတ်စည်းကမ်းချက်များ၊ အခါအားလျော်စွာ ဌာနမှထုတ်ပြန်လာသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြစေလိုကြောင်း၊ မိမိတို့၏ ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းပြီး မိမိတို့နေထိုင်ရာပတ်ဝန်းကျင် လုံခြုံရေးကိုလည်း အထူးဂရုစိုက်ကြရန် မှာကြားပြီး စက်မှုလယ်ယာဦးစီးဌာနမှ လှူဒါန်းသည့် နှစ်သစ်ကူးအတာသင်္ကြန်အကျနေ့ စတုဒိသာကို အတူသုံးဆောင်ကြသည်။

အလားတူ နှစ်သစ်ကူးအတာသင်္ကြန် အကျနေ့စတုဒိသာများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်မိသားစုက စိုက်ပျိုးရေးသိပ္ပံ ပျဉ်းမနားတွင် လည်းကောင်း၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနက စိုက်ပျိုးရေးတက္ကသိုလ်တွင် လည်းကောင်း၊ စီမံကိန်းဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီး ဌာနတို့က စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင်လည်းကောင်း ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်