Skip to main content

နေပြည်တော်အတွင်း ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆားစသည့် ကုန်မျိုးစုံအား သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော် ဧပြီ ၁၄

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)တို့၏ စီစဉ်မှု ဖြင့် ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ငါးပိနှင့် ကုန်မျိုးစုံဈေးကားများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ရာများသို့ မတ် ၃၀ ရက် မှစ၍ အိမ်တိုင်ရာရောက်သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၁၆ ရက်မြောက်နေ့အဖြစ်ဈေးကား ခုနစ်စီးဖြင့် လှည့်လည်ရောင်းချပေးကြောင်း သိရသည်။

ရောင်းချပေး

မတ် ၃၀ ရက်မှ ဧပြီ ၁၄ ရက်အထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံဌာနဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း၊ ဥတ္တရသီရိဆေးရုံဝန်ထမ်းအိမ်ရာများ၊ ခရေအိမ်ရာ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဗလသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ သုခသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ နေပြည်တော်ကောင်စီဝန်ထမ်းအိမ်ရာရှိ ဝန်ထမ်းများအား ဆန်ခြောက်ပြည်ဆံ့ (မနောသုခ-Export Quality) ၈၇၅၅ အိတ်၊ ဆန် ငါးပြည်ဆံ့(ဖျာပုံ ပေါ်ဆန်း) ၁၉၄၅ အိတ်၊ ဆီ ပိဿာ ၂၁၁၇၀၊ ဆား ၅၀ ကျပ်သားပါအိတ် ၁၇၀၀၊ ဆား ၂၅ ကျပ်သားပါ ၃၇၇၁ အိတ်၊ ငါးပိ ၂၀ ကျပ်သားပါဘူး ၁၀၄၀၊ ကုလားပဲ ၂၀ ကျပ်သားပါ အိတ် ၄၅၃၀၊ ခေါက်ဆွဲခြောက်အထုပ်များကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေးမည်ဖြစ်သည်။

ဆက်လက်ရောင်းချပေးသွားမည်

အလားတူ မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ဆံ့(မနောသုခ) ၄၂၄ အိတ်၊ စားအုန်းဆီ ပိဿာ ၃၀၈၀၀၊ ခေါက်ဆွဲခြောက်အထုပ်များကို ရောင်းချပေးခဲ့ကြောင်းနှင့် စစ်ကိုင်းမြို့တွင် ဈေးကားလေးစီးဖြင့်ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန်၂၄ ပြည်ဆံ့(ရွှေဝါထွန်း) ၂၂၄ အိတ်၊ စားအုန်းဆီ ပိဿာ ၃၃၀၀၊ ကြက်ဥ အလုံး ၄၃၆၀၊ ကြက်သွန်နီ ပိဿာ ၄၅၀၊ အသားတု ၁၅ ပိဿာတို့ကို သက်သာ သော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီးရေသန့်များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် နေ့စဉ် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်