နေပြည်တော် ဧပြီ ၁၄
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် နေပြည်တော်ရှိ ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုများ ရွှေ့ပြောင်းနေထိုင်ရန်အတွက် ယာယီအဆောက်အအုံများ တည်ဆောက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ယာယီပြောင်းရွှေ့ ဝန်ထမ်းမိသားစုများနှင့်အတူ နှစ်သစ်ကူးအေးချမ်း သင်္ကြန်စတုဒိသာအလှူတော်အား တက်ရောက်အားပေးသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သစ်တောဦးစီးဌာနဝင်းအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုများ ရွှေ့ပြောင်းနေထိုင်ရန်အတွက် အိပ်ဆောင်နှင့် သုံးခန်းတွဲနေအိမ်များ တည်ဆောက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းနေအိမ်များအား မိုးမကျမီအချိန်မီပြီးစီးရေးနှင့် ဝန်ထမ်းများ ပြောင်းရွှေ့နေထိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရုံးအမှတ်(၁၉)နှင့် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာနရုံးအတွင်း ဝန်ထမ်းမိသားစုများနေထိုင်ရန် ယာယီအဆောက်အအုံများ တည်ဆောက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပျဉ်မနားမြို့ရှိ မြန်မာ့သစ်လုပ်ငန်း အမှတ်(၂) သင်တန်းကျောင်း သို့သွားရောက်၍ ဝန်ထမ်းမိသားစုအတွက် ငလျင် ဘေးဒဏ် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် သစ်ခွဲသားများ စုပုံထားမှုအခြေအနေနှင့် သစ်ခွဲသားများရောက်ရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့ရှိ မြန်မာ့သစ်လုပ်ငန်း အမှတ်(၂) သင်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၂) သတ္တုတွင်း လုပ်ငန်းရုံးနှင့် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ သစ်တော သုတေသနဌာနအတွင်း ပြုလုပ်သောနှစ်သစ်ကူး အေးချမ်းသင်္ကြန်နှင့် စတုဒိသာ အလှူတော်များအား ယာယီပြောင်းရွှေ့ ဝန်ထမ်းမိသားစုများနှင့်အတူ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်