Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ငလျင်ဘေးဒဏ်ခံစားခဲ့ရသော ရုံးအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံရေးနှင့် ယာယီရုံးများ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၁၄

နေပြည်တော်ရှိ မန္တလေးငလျင်ကြီးဒဏ်ခံစားခဲ့ရသော စွမ်းအင်ဝန်ကြီးဌာန ရုံးအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံရေးနှင့် ယာယီရုံးများ တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆)တွင်ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ စွမ်းအင်ဝန်ကြီး ဌာနဆိုင်ရာ အဆောက်အအုံများစစ်ဆေးရေးကော်မတီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ မိမိတို့ ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရန်အတွက် ရုံးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများကို အမြန်ဆုံးပြန်လည် ပြုပြင်မွမ်းမံသွားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အနေဖြင့် မလိုအပ်ဘဲ ကုန်ကျစေခြင်းမျိုးမရှိအောင် ပြန်လည်ဆယ်တင်နိုင်သည့် နိုင်ငံတော်ပိုင် အဆောက်အအုံများကို သက်ဆိုင်ရာကျွမ်းကျင် ပညာရှင်များဖြင့် စနစ်တကျသေသေချာချာ စစ်ဆေး၍ အတည်ပြုချက်ရယူဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဖွဲ့စည်းထားပြီးဖြစ်သည့် ကျွမ်းကျင်သူများပါဝင်သော အဆောက်အအုံများ စစ်ဆေးရေးကော်မတီမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီမှ တာဝန်ရှိသူများပူးပေါင်း၍ရုံးများ၊ ဝန်ထမ်းအိမ်ရာများကို စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ပြန်လည်ပြုပြင်ရန်ဆောင်ရွက်နေသည့် ကာလတွင် Aftershock ကို ခံနိုင်ရည်ရှိစေရေး Steel Structure များဖြင့် ကြံ့ခိုင်မှုရှိအောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း အလေး အနက်ထား မှာကြားသည်။

ဆက်လက်၍ စွမ်းအင်ဝန်ကြီး ဌာနကော်မတီနှင့် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သဘာဝမြေငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆)၊ ရုံးအမှတ် (၄၄) အဆောက်အအုံများ၊ အထူးအဆောက်အအုံများ၊ ယာယီရုံးဆောက်လုပ်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်