နေပြည်တော် ဧပြီ ၁၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့်အတူ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ တာဝန်ခံညွှန်ကြားရေးမှူး Mr. Paolo Mattei ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center- DMC)၌တွေ့ဆုံရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ်တွင် ပြည်ထောင်စုဝန်ကြီးက ငလျင်ဘေးသင့်ဒေသများ၏ ပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ အာဆီယံနှင့်နိုင်ငံတကာမှ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များ လာရောက်ကူညီပေးနေ မှုအခြေအနေများ၊ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် နိုင်ငံတကာ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ကူညီပံ့ပိုးပေးစေလိုသော ကိစ္စရပ်များ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်ရမည့်အခြေအနေများကို ပြောကြားသည်။
အမြင်ချင်းဖလှယ်
ထို့နောက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)၏ တာဝန်ခံ ညွှန်ကြားရေးမှူး Mr. Paolo Mattei က ငလျင်ဘေးသင့်ဒေသများသို့ သွားရောက်လေ့လာခဲ့မှု အခြေအနေများ၊ WFP အနေဖြင့် အစားအစာများ ဖြန့်ဝေဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်