Skip to main content

နေပြည်တော်လမ်းလျှောက်သင်္ကြန်ကာလအတွင်း ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲကြသည့် ပြည်သူများအတွက် အလှူရှင်များက နေ့ရက်အလိုက် စတုဒိသာများ ပါဝင်လှူဒါန်း​​ကျွေး​မွေး

နေပြည်တော် ဧပြီ ၁၆

နေပြည်တော်ကောင်စီနယ်မြေ၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသော သင်္ကြန် (အေးသင်္ကြန်) ကို ကျင်းပလျက်ရှိရာ ယနေ့ သင်္ကြန်အတက်နေ့တွင်လည်း လာရောက်ရေကစားကြသည့် ပြည်သူများက တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးသိမ်မွေ့စွာ ရေပက်ဖျန်း၍ အေးသင်္ကြန်ကို ပါဝင်ဆင်နွှဲကြကာ အလှူရှင်များကလည်း နေ့ရက်အလိုက် စတုဒိသာအကျွေးအမွေးများဖြင့် ကုသိုလ်ပြုပါဝင်လျက်ရှိကြသည်။

ထိုသို့ ကုသိုလ်ပြုပါဝင်လှူဒါန်းလျက်ရှိရာ ယနေ့တွင် အလှူရှင်ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီးမိသားစုက နေပြည်တော်လမ်းလျှောက် သင်္ကြန်ဧရိယာအတွင်း မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နှင့်အညီ ပါဝင်ဆင်နွှဲကြသည့် ပြည်သူများ သုံးဆောင်နိုင်ရန်အတွက် အားဖြည့်အချိုရည်များနှင့် စတုဒိသာမုန့်မျိုးစုံကို လှူဒါန်းကြပြီး ပြည်သူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ နှစ်သစ်တွင် ခွန်အားဖြစ်စေမည့် မင်္ဂလာနှုတ်ခွန်းဆက်စကား အားပေးပြောကြားသည်။

အလားတူ အလှူရှင် ဒေါ်မေဖူး (ILU) ဦးဆောင်သည့် အဖွဲ့က ကြာဆံကြော်ဘူး ၁၀၀၀ နှင့် သာဂူကျိုဘူး ၂၀၀၀ တို့ကို လည်းကောင်း၊ Brilliant Aura ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက ဖျော်ရည်မျိုးစုံကိုလည်းကောင်း၊ Bellaire Production ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက စတုဒိသာမုန့်မျိုးစုံကိုလည်းကောင်း၊ ရိုးမ Group မှ ဒေါ်သန္တာဦးစီးသည့် အလှူရှင်များက ကြက်ပေါင်းဆီချက်ဘူး ၄၀၀၀ ကိုလည်းကောင်း လှူဒါန်းကြသည်။

ထို့အပြင် အေးသင်္ကြန်ကာလရက်များအတွင်း အောင်ဘာလေအွန်လိုင်းထီ၊ Mytel Group ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမိသားစု၊ ရွှေသံလွင်မိသားစု၊ Forever Group ၊ Myansat DTH နှင့် မင်္ဂလာရုပ်ရှင်ရုံအုပ်စုတို့မှ အလှူရှင်များကလည်း စတုဒိသာမုန့်မျိုးစုံတို့ကို နေ့ရက်အလိုက် ပါဝင်လှူဒါန်းခဲ့ကြသည့်အတွက် နေပြည်တော်အေးသင်္ကြန်ပွဲတော်သို့ ပါဝင်ဆင်နွှဲခဲ့ကြသည့် ပြည်သူ အားလုံးအတွက် လုံလောက်သည့်အပြင် ပိုလျှံစွာသုံးဆောင်နိုင်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ယဉ်ကျေးသိမ်မွေ့စွာ ကျင်းပလျက်ရှိသည့် ယခုနှစ်အေးသင်္ကြန်ကာလအတွင်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပြည်သူများသည် တစ်ဦးနှင့်တစ်ဦး ညီရင်းအစ်ကို မောင်ရင်းနှမသဖွယ်ရေပက်ဖျန်းကစားခဲ့ကြပြီး နှစ်ဟောင်းမှ တွေ့ဆုံကြုံတွေ့ခဲ့ရသည့် အဆိုးအညံ့များ၊ အညစ်ကြေးများကို အတာရေဖြင့် ဆေးကြောသန့်စင် ဖယ်ရှားကာ မင်္ဂလာရှိသည့် နှစ်သစ်ကိုအေးချမ်းစွာ ကူးပြောင်းခဲ့ကြသည်။

ထို့ပြင် အလှူရှင်များကလည်း စေတနာသဒ္ဓါတရားထက်သန်စွာ စတုဒိသာကျွေးမွေးလှူဒါန်းမှုများဖြင့် ပါဝင်အားဖြည့်ပေးခဲ့ကြသည်။

မြန်မာ့နှစ်ဟောင်းတွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးခဲ့မှုများ ရှိခဲ့သော်လည်း အေးသင်္ကြန်ကာလအတွင်း အတာရေဖြင့် ပြည်သူများ၏ ကိုယ်စိတ်နှလုံးအေးချမ်းခဲ့သည့်အပြင် စေတနာရှင် အလှူရှင်များ၏ ​မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် အားပေးစကားများကြောင့် ပြည်သူများ အထိုက်အလျောက် စိတ်သက်သာမှုရရှိခဲ့ကြသည်။

ထို့ပြင် နှစ်သစ်တွင် ဆောင်ရွက်ရမည့် ပြန်လည်ထူထောင်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် အစိုးရနှင့် ပြည်သူတစ်သားတည်း လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်နိုင်ကြတော့မည့် စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်များလည်း ရရှိခဲ့ကြောင်းနှင့် ရှေ့ဆက်လျှောက်လှမ်းရမည့် အနာဂတ်တွင်လည်း လူမှုရေး၊ စီးပွားရေး၊ ပညာရေးကဏ္ဍများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အားတစ်ခုဖြစ်စေခဲ့ကြောင်း သင်္ကြန်တွင်း လာ​ရောက်ရေကစားသူ လူငယ်အချို့ထံမှ သိရသည်။

သတင်းစဉ်