Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ မဟာသင်္ကြန်ပွဲတော်အတက်နေ့၌ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြပြီး အေးချမ်းစွာ စုပေါင်းရေကစား၊ ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပပြီးစီး

ရန်ကုန် ဧပြီ ၁၆

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသည် မဟာသင်္ကြန်ပွဲတော်အတက်နေ့၌ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြပြီး အေးချမ်းစွာ စုပေါင်းရေကစားကာ ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

တရားဒေသနာတော်များနာယူ

၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်အတက်နေ့တွင်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ဘုရား၊ ကျောင်းကန်များ၌ ဥပုသ်သီတင်းဆောက်တည်ခြင်း၊ ကုသိုလ်ဒါနဘေးမဲ့လွှတ်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ တရားဒေသနာတော်များရရှိစေရန် မဟာသင်္ကြန်ကာလအတွင်း ဖွင့်လှစ်လျက်ရှိသည့် တရားရိပ်သာတရားစခန်းများ၌ တရားထိုင်ခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြသည်။

ထို့အတူ သင်္ကြန်ကာလအတွင်း ဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်း မဟာကမ္မဋ္ဌာနာစရိယအဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇအောင်ဆန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရက တရားစခန်းရှိ တရားချစ်ခင် သူတော်စင်၊ သူမြတ်အပေါင်းတို့အား တရားဒေသနာတော်များ ဟောကြားတော်မူရာ နာယူကြည်ညိုကြသည်။

 မဟာသင်္ကြန်အတက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကန်တော်ကြီးဥယျာဉ်ကန်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများနှင့် တာဝန်ရှိသူများက ငါးမြစ်ချင်း ကောင်ရေ ၅၀၀၀ ကို ကန်တော်ကြီးဥယျာဉ်ကန်အတွင်းသို့ ကုသိုလ်ဒါနအဖြစ် လွှတ်ပေးကြသည်။

သပြေခက်ဖြင့် ရေပက်ဖျန်း

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် ရန်ကုန်မြို့ ဒဂုံမြို့နယ်ပြည်သူ့ရင်ပြင်၌ အလှူရှင်များက ပြည်သူများအား စတုဒိသာကျွေးမွေးလှူဒါန်းနေမှုနှင့် လမ်းလျှောက်မဟာသင်္ကြန်တွင် ပြည်သူများ အေးချမ်းသာယာစွာ စုပေါင်းရေကစားနေမှုကို ကြည့်ရှုအားပေးကြပြီး ပွဲတော်လာပြည်သူများအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ သပြေခက်ဖြင့် ရေပက်ဖျန်းပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းမိသားစုများ စုပေါင်း၍ စတုဒိသာကျွေးမွေးလှူဒါန်းပွဲနှင့် ရန်ကုန်လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ တက်ရောက်အားပေးကြပြီး မြန်မာ့သနပ်ခါးဖြင့် ပွဲတော်လာကြသူများနှင့် ဝန်ထမ်းမိသားစုများအား လိမ်းခြယ်ပေးပြီး သပြေခက်ဖြင့် ရေပက်ဖျန်းပေးကြသည်။

မြန်မာ့သနပ်ခါးကို လိမ်းခြယ်

မဟာသင်္ကြန်အတက်နေ့၌ ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်လမ်းလျှောက်သင်္ကြန်တွင်အေးချမ်းစွာ ရေကစားရန်အတွက် ယနေ့နံနက်ပိုင်းမှ စတင်၍ ပြည်သူများသည် မိသားစုအဖွဲ့လိုက်၊ မိတ်ဆွေသူငယ်ချင်းအဖွဲ့လိုက်ဖြင့် စုရုံးရောက်ရှိလာပြီး အလှူရှင်များ ကျွေးမွေးလှူဒါန်းသည့် စတုဒိသာများကို စနစ်တကျစားသုံးကြကာ စုပေါင်းရေကစားကြပြီး တစ်ဦးနှင့်တစ်ဦး ချစ်ခင်စွာ မြန်မာ့သနပ်ခါးကို လိမ်းခြယ်ပေးကြသည်။

ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံဘေး ရန်ကုန်လမ်းလျှောက်မဟာသင်္ကြန်တွင်လည်း ရန်ကုန်မြို့တော်သူ မြို့တော်သားများသည် သင်္ကြန်ရေအေးကို စုပေါင်းကာ အေးချမ်းသာယာစွာ ကစားကြပြီး သင်္ကြန်ပျိုလေးများက မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်စုကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုသောအားဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်စွာ သနပ်ခါးလိမ်းခြယ်ကာ သရုပ်ဖော်ကြသည်။

ထို့ပြင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ် ယာဉ်ရပ်နားရာ၌ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး (ဗဟို) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မဟာသင်္ကြန်အတက်နေ့တွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသူများကို စတုဒိသာကျွေးမွေးကြသည်။

စတုဒိသာကျွေးမွေးလှူဒါန်း

ထို့အတူ ပြည်သူများအား ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ဗိုလ်ချုပ်လမ်းနှင့် (၅၁) ထောင့် အမှတ် (၁၀) ရပ်ကွက် ပီတိမေတ္တာလူမှုကူညီကယ်ဆယ်ရေးအသင်းနှင့် ခုနစ်ရက်သားသမီးအလှူရှင်များ၏ စုပေါင်းအလှူအဖြစ် ထောပတ်ထမင်း၊ ကြက်သားဟင်း၊ သရက်ချဉ်သုပ်၊ အအေးတို့ဖြင့်လည်းကောင်း၊ (၄၉) လမ်းရှိ လပြည့်ဆွမ်းလောင်းမိသားစုမှ ထမင်း၊ ကြက်ပဲကုလားဟင်းတို့ဖြင့်လည်းကောင်း စတုဒိသာကျွေးမွေးလှူဒါန်းကြသည်။ မင်္ဂလာတောင်ညွန့် မြို့နယ်အထက်ပန်းဆိုးတန်းလမ်း အထွေထွေအုပ်ချုပ်ရေးရုံးရှေ့ရှိ စတုဒိသာမဏ္ဍပ်၌ ကြက်ဆီထမင်းဖြင့်လည်းကောင်း စတုဒိသာများ ကျွေးမွေးလှူဒါန်းလျက်ရှိအပြင် ယနေ့မဟာသင်္ကြန်အတက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များ၌ အလှူရှင်များက ကုသိုလ်ဒါနဖြင့် ပြည်သူများအား စတုဒိသာများ ကျွေးမွေးကြပြီး ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ညနေပိုင်းအထိ အေးချမ်းစွာ စုပေါင်းရေကစားကာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း-နေကိုဇော် (သတင်းစဉ်)

ဓာတ်ပုံ-ဇော်မင်းလတ်