Skip to main content

အပြာရောင်အဆင့် သတ်မှတ်ထားသည့် အဆောက်အအုံများ၌ ဝန်ထမ်းများ ပြန်လည်နေထိုင်နိုင်ရေး စီမံဆောင်ရွက်

နေပြည်တော် ဧပြီ ၁၆

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုမရှိခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ထမ်းအိမ်ရာများတွင် ပြန်လည်နေရာချထားပေးနိုင်သည့် အပြာရောင်အဆင့် သတ်မှတ်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနဝန်ထမ်းအိမ်ရာများအား ဧပြီ ၁၅ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုဝန်ကြီးက ပြန်လည်နေထိုင်ကြသည့် ဝန်ထမ်းများအား စနစ်ကျနသော နေထိုင်မှု၊ အိမ်ခန်းထိန်းသိမ်းစောင့်ရှောက်မှု၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စများကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရေဆင်းတက္ကသိုလ်များနယ်မြေ ရေဆင်းတိုက်နယ်ဆေးရုံ၌ တက်ရောက်မီးဖွားခဲ့သော ဝန်ထမ်းမိသားစုဝင်နှင့် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် ငလျင်ဘေးသင့်ဝန်ထမ်းမိသားစုများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများ အခြေမပျက်ပြန်လည်နေထိုင်နိုင်သော အိမ်ခန်း ပေါင်း ၈၀ ခန်းရှိရာ အသေးစားပြင်ဆင်မွမ်းမံမှုလိုအပ်ချက်အား ဝန်ကြီးဌာနအစီအစဉ်ဖြင့် ဆောင်ရွက်သွားနိုင်ရေးစီမံထားရှိကြောင်း၊ ကျန်ရှိသည့် ဝန်ထမ်းများအား ဝန်ကြီးဌာနမှ အမိုးအကာများ ဆောက်လုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်