Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဗိုလ်ချုပ်ကြီး ညိုစော မန္တလေးမြို့ မဟာမုနိဘုရားကြီးအပါအဝင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဗိုလ်ချုပ်ကြီး ညိုစောတို့သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်းများ ဆပ်ကပ်လှူဒါန်းပြီး မဟာမုနိဘုရားကြီးကိုယ်လုံးတော်နှင့် မကိုဋ်တော်ရှိ ရွှေသင်္ကန်းများ ရောင်တော်ဖွင့်ခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုဖူးမြော်ကြည်ညိုသည်။

ထို့နောက် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာမုနိဘုရားကြီးရှိ စမြင်နှင့်စောင်းတန်းနေရာများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက အပျက်အစီးများ ဖယ်ရှားရှင်းလင်းထားရှိမှု၊ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဘုရားကြီးအား ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်စဉ် အန္တရာယ်ကင်းရှင်းစေရေး ဘုရားကြီး၏ အရှေ့ဘက်စမြင်နေရာအား ယာယီဒေါက်တိုင်များထောက်၍ ပြင်ဆင်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဘုရားကြီး၏ သာသနိကအဆောက်အအုံများအား အင်ဂျင်နီယာကောင်စီမှ အထူးစစ်ဆေးရေးအဖွဲ့များဖြင့် အဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုချင်း၊ တိုင်တစ်တိုင်ချင်းအား အသေးစိတ်စစ်ဆေးသွားမည်ဖြစ်ပြီး ပြန်လည်အသုံးပြုနိုင်သည့် အဆောက်အအုံ၊ အကြီးစားပြင်ဆင်ရမည့် အဆောက်အအုံ နှင့် အသုံးပြုရန်မသင့်သည့် အဆောက်အအုံများအဖြစ် POST EARTHQUAKE ASSESSMENT သတ်မှတ်ကာ စနစ်တကျ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး အပျက်အစီးများ ဖယ်ရှားရှင်းလင်းရေးနှင့် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

လှည့်လည်ကြည့်ရှုစစ်ဆေး

၎င်းနောက် ချမ်းမြသာစည် မြို့နယ်ရှိ တပ်မတော်စည်သွတ်စက်ရုံသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စက်ရုံပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ်မှာကြားသည်။ ထို့နောက် စက်ရုံရှိ ဝန်ထမ်းများနှင့် မိသားစုများအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး သောက်သုံးရေဖူလုံစွာရရှိရေး၊ နေထိုင်စားသောက်မှု အဆင်ပြေစေရေးတို့နှင့် ပတ်သက်၍ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးရေးတို့အတွက် တာဝန်ရှိသူများကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ချမ်းအေးသာစံမြို့နယ်ရှိ Golden City Hotel နေရာ၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုအားလည်းကောင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၄) ရေစစ်ကန်၌ ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်း၊ Sky Villa နေရာတွင် အဆောက်အအုံအပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုများအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

၎င်းနောက် မန္တလေးမြို့ နန်းမြို့ရိုးရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော စည်ရှည်တံခါးနှင့် ကြေးမှုံတံခါးရှိ ပြအိုးများ ထိခိုက်ပျက်စီးမှုအခြေအနေများအားလည်းကောင်း၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုနှင့် ပြန်လည်ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

အပျက်အစီးများဖယ်ရှားရှင်းလင်း

ထို့နောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ငလျင်ဒဏ်သင့်နေရာများရှိ အဆောက်အအုံအပျက်အစီးများ ဖယ်ရှားရှင်းလင်းရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အစည်းအဝေးတွင် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးအတွင်း လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးမှုနှင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းရေးကို ဦးစားပေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် နိုင်ငံတကာမှ လာရောက်ခဲ့ကြသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ၏အတွေ့ အကြုံကောင်းများအား ရရှိခဲ့ပြီးဖြစ်၍ လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချဆောင်ရွက်ရန်နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ ပြည့်စုံစွာ ကိုင်ဆောင်အသုံးပြုနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် ဦးစွာမှာကြားသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစောက မိုးရာသီရောက်ရှိတော့မည်ဖြစ်သဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ပြီး ပြည်သူလူထုအခက်အခဲမရှိ အဆင်ပြေကောင်းမွန်စွာ နေထိုင်နိုင်ရေးစနစ်တကျ စီမံဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း၊ ဆေးဝါးမှအစ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးထားရမည်ဖြစ်ကြောင်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ဆောက်လုပ်ရေးပစ္စည်းများ လိုအပ်ချက်ရှိနိုင်မည်ဖြစ်သည့်အတွက် လိုအပ်ချက်များအား အချိန်မီတင်ပြတောင်းခံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဘိလပ်မြေလိုအပ်ချက်နှင့် ပတ်သက်၍ လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယာယီရုံးခန်းများ ဖွင့်လှစ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဆက်လက်ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးအတွက် ကော်မတီများစနစ်တကျ ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ငလျင်ဒဏ်သင့်အဆောက်အအုံများအားလည်း အုပ်ချုပ်မှုအဆောက်အအုံ၊ အခြားအဆောက်အအုံ၊ အထူးအဆောက်အအုံဟူ၍ အပိုင်းလိုက်ခွဲခြားသတ်မှတ်ပြီး ပျက်စီးမှုအဆင့်အတန်းအလိုက် POST EARTHQUAKE ASSESSMENT သတ်မှတ်၍ ပြုပြင်ဆောင်ရွက်မှုများ စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆောက်အအုံများ ပြုပြင်ဆောင်ရွက်ရာတွင်လည်း Standard Operating Procedure (SOP) အရ ငလျင်ဒဏ်ခံနိုင်အောင် စနစ်တကျဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နောင်အဆောက်အအုံအသစ်များ ဆောက်လုပ်ရာတွင် နိုင်ငံတော်ပိုင်အဆောက်အအုံများ၊ ပုဂ္ဂလိကပိုင်အဆောက်အအုံများ၊ အလှူရှင်များမှ ဆောက်လုပ်လှူဒါန်းသည့် အဆောက်အအုံများ စသည်ဖြင့် မည်သည့်အဆောက်အအုံများ ဆောက်လုပ်သည်ဖြစ်စေ ရစ်(ခ်)တာစကေး ၈ အထိ ငလျင်ဒဏ်ခံနိုင်သည့် Standard Operating Procedure(SOP)များအတိုင်း လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အအုံများ ပြင်ဆင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်း စသည့်လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံးစတင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အစိုးရရုံးလုပ်ငန်းပိုင်းဆိုင်ရာများအနေဖြင့်လည်း ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်အောင် ယာယီရုံးခန်းများ ဖွင့်လှစ်၍ စနစ်တကျဆောင်ရွက်သွားရန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဗိုလ်ချုပ်ကြီး ညိုစောတို့သည် အဖွဲ့ဝင်များနှင့်အတူ မန္တလေးမြို့ မြို့ပတ်လမ်းနေရာသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် လမ်းပိုင်းနေရာအား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်