နေပြည်တော် ဧပြီ ၁၉
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိ ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် ဝန်ထမ်းများနှင့် မိသားစုဝင်များ နေထိုင်နိုင်ရန်အတွက် ဝန်ကြီးဌာနရုံးအနီးတွင် နှစ်ခန်းတွဲဘာရှာအဆောက်အအုံများ ဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်ထားသည့် မြေနေရာသို့ သွားရောက်ကာ နှစ်ခန်းတွဲဘာရှာအဆောက်အအုံများ တည်ဆောက်ရန် နေရာချထားမှုများ၊ မြေညှိခြင်း ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက နှစ်ခန်းတွဲဘာရှာအဆောက်အအုံများ တည်ဆောက်ရာတွင် ခိုင်ခံ့မှုရှိစေရေး၊ မိုးဒဏ်လေဒဏ်ခံနိုင်အောင် ဆောက်လုပ်ပေးနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများပြောင်းရွှေ့နေထိုင်သည့်အခါ သောက်ရေသုံးရေနှင့် လျှပ်စစ်မီးရရှိရေးကိုလည်း တစ်ပါတည်းစီမံဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ မိလ္လာအညစ်အကြေးစွန့်ပစ်မှုကိုလည်း မြေနေရာသေချာရွေးချယ်၍ ကျန်းမာရေးနှင့်ညီညွတ်မှုရှိအောင် စနစ်တကျဆောက်လုပ်ပေးကြရန်နှင့် ဆောက်လုပ်မှုများကို ဧပြီ ၂၀ ရက်တွင် စတင်ဆောင်ရွက်ကြရန်နှင့် မေ ၂၅ ရက်တွင် ပြီးစီးအောင် ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ငလျင်ဒဏ်ခံခဲ့ရသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို ဝန်ကြီးဌာနအစီအစဉ်ဖြင့် နေရာချထားမည့် ယာယီနေထိုင်ရန်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ နေထိုင်စဉ် အဆင်ပြေစေရေးအတွက် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်